A d v e r t i s e m e n t With Us

ရန်ကုန်လေဆိပ်တွင် ဆိုက်ရောက်ဗီဇာ မထုတ်ပေးသေး

ရန်ကုန်​လေဆိပ်မှာ ဆိုက်​ရောက်ဗီဇာ မထုတ်​ပေး​သေး​ဘူး​လို့​ မြန်မာနိုင်ငံ ခရီး​သွား​လုပ်ငန်း​ရှင်အသင်း​က တာဝန်ရှိသူတဦး​က ​ပြောပါတယ်။ အုပ်စုလိုက် လာ​ရောက်လည်ပတ်လိုတဲ့​ ခရီး​သည်​တွေက ပြည်တွင်း​ခရီး​သွား​ ​အေဂျင်စီ​တွေက​နေတဆင့်​ တပတ်ဆယ်ရက် ကြို​လျှောက်တာ​တွေကိုသာ ခွင့်​ပြု​ပေး​နေတာဖြစ်ပြီး​ တဦး​ချင်း​လာ​ရောက်လည်ပတ်တဲ့​ ခရီး​သည်ကို ရန်ကုန်​လေဆိပ်မှာ ဆိုက်​ရောက်ဗီဇာမထုတ်​ပေး​ ​သေး​ဘူး​လို့​ ​ပြောပါတယ်။ ဒီသတင်း​နဲ့​ပတ်သက်လို့​ မြန်မာနိုင်ငံခရီး​သွား​လုပ်ငန်း​အဖွဲ့​ဥက္ကဋ္ဌ ဦး​ခင်​ရွှေက “ကျ​နော်တို့​စီက ပြင်ဆင်​နေပါတယ်။ ပြင်ဆင်​နေတယ်ဆိုတာ အခုတ​လောက ရန်ကုန်မှာ ဟိုတယ်​တွေ ​တော်​တော်ပြည့်​နေတယ်။ ​နောက် service လုပ်ဖို့​အတွက် လူ​တွေက သင်တန်း​တွေ အများ​ကြီး​လိုတယ်။ အဲဒါ​တွေ အကုန်ပြီး​တာနဲ့​ ဆက်လက်တင်ပြမယ်။ ဆိုက်​ရောက်ဗီဇာ ​ပေး​လိုက်ရင်အများ​ကြီး​ ပြုံဝင်လာမယ်။ မနိုင်မှာဆိုး​လို့​ပါ” လို့​ ​ပြောပါတယ်။ ဒီနှစ်ကုန်​လောက်မှ ဆိုက်​ရောက်ဗီဇာထုတ်​ပေး​ဖို့​ ဖြစ်နိုင်လိမ့်​မယ်လို့​လည်း​ ဦး​ခင်​ရွှေက ခန့်​မှန်း​ပြောပါတယ်။ လော​လောဆယ် မြန်မာ့​လေ​ကြောင်း​လိုင်း​က ​ပြေး​ဆွဲ​နေတဲ့​ က​မ္ဘောဒီး​ယား​နိုင်ငံ ဆီရမ်ရိနဲ့​ရန်ကုန်၊​ တရုတ်နိုင်ငံ ကွမ်ကျိုး​နဲ့​ရန်ကုန် ​လေယာဉ်စီး​ခရီး​သည်​တွေကို​တော့​ ဆိုက်​ရောက်ဗီဇာ ထုတ်​ပေး​နေတယ်လို့​ သိရပါတယ်။ မနှစ် ​မေလက​နေ ဩဂုတ်လကုန်ထိ ​လေး​လကြာ ဆိုက်​ရောက်ဗီဇာ ထုတ်​ပေး​ခဲ့​ပြီး​ အဲ့​ဒီကာလအတွင်း​ ခရီး​သည် ရှစ်​သောင်း​ကျော် ရန်ကုန်​လေဆိပ်က ဝင်​ရောက်လည်ပတ်ခဲ့​ကြပါတယ်။ အစိုး​ရသစ်တက်လာပြီး​ ဟိုတယ်နှင့်​ခရီး​သွား​လာ​ရေး​ဝန်ကြီး​နဲ့​ ခရီး​သွား​လုပ်ငန်း​ရှင်​တွေ ဧပြီလထဲ ​နေပြည်​တော်မှာ​တွေ့​ကတည်း​က လုပ်ငန်း​ရှင်​တွေက ဆိုက်​ရောက်ဗီဇာ ပြန်ခွင့်​ပြုဖို့​ တင်ပြ​တောင်း​ဆိုခဲ့​ကြပါတယ်။ ဝန်ကြီး​က နိုင်ငံထဲ ခရီး​သွား​လုပ်ငန်း​ဆိုင်ရာ အ​ခြေခံအ​ဆောက်အအုံ​တွေ မပြည့်​စုံ​သေး​ဘဲ ဆိုက်​ရောက်ဗီဇာ ထုတ်​ပေး​လိုက်ရင် နိုင်ငံအရှက်ရစရာ ဖြစ်လိမ့်​မယ်၊​ ခရီး​သည်​တွေအတွက် အရာရာအဆင်သင့်​ဖြစ်မှ စဉ်း​စား​ပေး​မယ်လို့​ ပြန်ကြား​ခဲ့​ပြီး​ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up