အိုင်အက်စ် နှင့် ဆက်နွှယ်ခဲ့သည့် သြစတြေးလျသူနာပြုကို ရုံးထုတ်

ဆီးရီးယားနိုင်ငံမှာ အိုင်အက်စ်အကြမ်းဖက်တွေနဲ့ အတင်းအကျပ် အလုပ်လုပ်ခဲ့ရတယ်လို့ ပြောဆိုထားတဲ့ သြစတြေးလျသူနာပြုကို ဆစ်ဒနီမြို့မှာ ဇူလိုင် ၂၅ ရက်နေ့က တရားရုံးထုတ်ခဲ့ပါတယ်။ အသက် ၃၉ နှစ်အရွယ် မွတ်စလင်ဘာသာပြောင်းလဲကိုးကွယ်သူ Adam Brookman ဟာ ဇူလိုင် ၂၄ ရက်နေ့က ဆစ်ဒနီလေဆိပ်အ၀င်မှာ ဖမ်းဆီးခံရတာပါ။ သြစတြေးလျနိုင်ငံမှာ အကြမ်းဖက်ဆန့်ကျင်ရေး ဥပဒေသစ်ပြဋ္ဌာန်းခဲ့ပြီးနောက်ပိုင်း သူဟာ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေက ပြန်လာတဲ့ ပထမဆုံး သြစတြေးလျနိုင်ငံသားဖြစ်ပါတယ်။ Adam Brookman ဟာ ဇူလိုင် ၂၁ ရက်နေ့က တူရကီအာဏာပိုင်တွေဆီကို သူကိုယ်တိုင်သွားရောက် အဖမ်းခံခဲ့တာဖြစ်ပြီး သြစတြေးလျနိုင်ငံကိုပြန်လာဖို့ သြစတြေးလျအစိုးရနဲ့ နိုင်ငံတကာအေဂျင်စီတွေအကြား ညှိနှိုင်းခဲ့ရတာပါ။ သူ့ကို ဘယ်အမှုနဲ့ ရုံးတင်တယ်ဆိုတာကိုတော့ သြစတြေးလျရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။ သြစတြေးလျနိုင်ငံဟာ အရှေ့အလယ်ပိုင်း တိုက်ပွဲတွေမှာ ပါဝင်ခဲ့ပြီး နေရပ်ရင်း သြစတြေးလျနိုင်ငံကို ပြန်လာသူတွေအပါအ၀င် ပြည်တွင်းမှာ အစွန်းရောက်မွတ်စလင်တွေ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်လာမှာကို သတိကြီးကြီးထား စောင့်ကြည့်နေရတာပါ။ ပြီးခဲ့တဲ့နှစ် ဒီဇင်လာလက ဆီးရီးယားက အိုင်အက်စ်အမာခံပြည်နယ်ဖြစ်တဲ့ ရတ်ကာပြည်နယ်ကို တရားမ၀င်သွားရောက်ခွင့်ကို ပိတ်ပင်ခဲ့ပြီး သွားရောက်သူတွေကို ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တာလည်းဖြစ်ပါတယ်။ သြစတြေးလျအစိုးရရဲ့ ထုတ်ပြန်ချက်တွေအရ သြစတြေးလျနိုင်ငံသား အနည်းဆုံး တရာလောက် အရှေ့အလယ်ပိုင်းမှာ အကြမ်းဖက်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေပြီး သြစတြေးလျနိုင်ငံသား ၁၅၀ လောက်ဟာလည်း သြစတြေးလျနိုင်ငံထဲကနေ အကြမ်းဖက်တွေကို ထောက်ပံ့ကူညီနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up