ပဲခူး ဦးထုပ်စက်ရုံလုပ်သားများ လိုလားချက်တောင်းဆို
အေးနိုင်
·
June 7, 2011
ပဲခူးမြို့ ကမာနက်ကျေးရွာ ဟင်္သာကုန်းရပ်ကွက်မှာရှိတဲ့ ဃစေ ၁ ဦးထုပ်စက်ရုံ အလုပ်သမားတွေဟာ သူတို့ရဲ့နစ်နာချက်တွေကို စက်ရုံက ဖြည့် ဆည်းပေးဖို့နဲ့ လုပ်ခတိုးပေးဖို့အပါအဝင် အချက် ၁ဝ ချက်ကို တောင်းဆိုရာမှာ အချက်တော်တော်များများကို စက်ရုံဘက်က လိုက်လျောခဲ့ပါတယ်။
ဒီလဆန်းမှာ အလုပ်သမ ၁၉ ဦးက အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ပဲခူးတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးအောင်မျိုးဝင်းထံ သွားရောက်ပြီး လိုလားချက် ၁ဝ ချက်ကို တင်ပြပါတယ်။
ဒီလိုလားချက်တွေကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) ရုံးခွဲနဲ့ ပဲခူးမြို့ အလုပ်သမားရုံးကို ထပ်ဆင့်တင်ပြခဲ့ပြီးနောက် အလုပ်သမားတာဝန်ခံတွေနဲ့ အလုပ်သမားရုံး တာဝန်ရှိသူတွေ ညှိနှိုင်းလိုက်လျောခဲ့တာ ဖြစ်ပါတယ်။
အလုပ်သမားတွေရဲ့ တောင်းဆိုစာမှာ အလုပ်သမားအားလုံးအတွက် ဖယ်ရီစီစဉ်ပေးဖို့၊ မနက်ရှစ်နာရီကနေ ဆယ်နာရီတွင်း အပေါ့အပါးသွားခွင့်ပြုတာကို ပြင် ဆင်ပေးဖို့၊ အခြေခံလစာနဲ့ အချိန်ပိုကြေးတိုးပေးဖို့၊ အလုပ်ချိန် တိတိကျကျ သတ် မှတ်ပေးဖို့၊ နိုင်ငံတကာအလုပ်ရုံတွေက ထုံးစံအတိုင်း လက်ဖက်ရည်သောက်ချိန် နှစ်ချိန်သတ်မှတ်ပေးဖို့၊ တကယ်မှားယွင်းတဲ့ကိစ္စကိုသာ မှားယွင်းကြောင်း ကြော်ငြာသင်ပုန်းမှာရေးသားဖို့၊ အလုပ်ချိန်အတွင်း မေးမြန်းပြောဆိုမှုတွေကို ခွင့်ပြုဖို့၊ ထမင်းစားချိန်ကို အတိအကျအနားပေးဖို့ စတာတွေ တောင်းဆိုထားပါတယ်။
ပဲခူးမြို့ အလုပ်သမားရုံး တာဝန်ရှိသူတွေနဲ့ အလုပ်သမားခေါင်းဆောင် သုံးဦး ဒီလ သုံးရက်နေ့က ဆွေးနွေးရာမှာ အလုပ်သမားတွေရဲ့ တောင်းဆိုချက် တော်တော်များများကို လိုက်လျောသဘောတူခဲ့တယ်လို့ ဦးအောင်မျိုးဝင်းက ပြော ပါတယ်။
“သူက မလိုက်လျောတဲ့ဟာက အခြေခံလစာ တိုးပေးဖို့ရယ်၊ အချိန်ပိုကြေး တိုးပေးဖို့ရယ်။ နောက်လက်ဖက်ရည်ချိန် ၁၅ မိနစ်ပေးဖို့ဆိုတာ၊ အဲဒါကိုတော့ လက်ရှိ မလိုက်လျောသေးဘူး။ ကျန်တာတော့ လိုက်လျောပေးပါတယ်။ အလုပ်သ မားကြီးကြပ်သူနှစ်ဦးကို အလုပ်ဖြုတ်ပေးဖို့၊ ဒါမှမဟုတ် ရာထူးလျှော့ပေးဖို့ ကိစ္စကို လေဘာရုံးမှာ သုံးပွင့်ဆိုင် ဆွေးနွေးပြီးတော့ သဘောတူညီချက် ရခဲ့တယ်။ ရာထူး လျှော့ဖို့ပေါ့နော်။”
ဒီကနေ့မှာ သုံးရက်နေ့က သဘောတူညီချက်တွေအတိုင်း စနေ၊ တနင်္ဂနွေ မှာ လိုက်နာဆောင်ရွက်ခြင်းမရှိတာကြောင့် အလုပ်သမား (၅၅) ဦးနဲ့ ဦးအောင် မျိုးဝင်းတို့ဟာ အလုပ်သမားရုံးကို ဒီကနေ့ သွားရောက်ခဲ့ကြပါတယ်။
ဒီနေ့ ညနေပိုင်းမှာ စက်ရုံအတွင်းကို အလုပ်သမားဌာနတာဝန်ရှိသူတွေ ကွင်းဆင်းစစ်ဆေးနေကြတယ်လို့ ဦးအောင်မျိုးဝင်းက ပြောပါတယ်။
“ကျနော်ကနေ အလုပ်သမားကိစ္စတွေကို ဆောင်ရွက်ပေးတယ်ဆိုတာက တရားဥပဒေအရ ဖြစ်အောင်၊ သက်ဆိုင်ရာ အလုပ်သမားဌာနတွေကနေ တကယ့် အလုပ်သမားတွေ တောင်းဆိုတာတွေကို ဖြစ်နိုင်ခြေရှိတာတွေကို လိုက်လျော ဆောင်ရွက်ပေးဖို့ ကျနော်တို့က ကြားကနေ ဆောင်ရွက်ပေးနေတာ ဖြစ်တယ်။ အမှန်ဆိုတော့ ဒါက အလုပ်သမားသမဂ္ဂ ဆိုတာ ရှိဖို့လိုအပ်လာပြီ။”
ကိုရီးယားပိုင် ဒီစက်ရုံမှာ မိန်းကလေးအလုပ်သမား ၃ဝဝ လောက် ချုပ်လုပ် နေပြီး တရက်ကို ဦးထုပ်လုံးရေ ၂၅ဝဝ လောက်အပြီး ချုပ်ကြရတယ်လို့ ဆိုပါတယ်။ စက်ရုံအလုပ်သမားတွေဟာ ပျမ်းမျှ အခြေခံလစာနဲ့အချိန်ပိုကြေး စုစုပေါင်း လေး သောင်းလောက် ရကြတယ်လို့ ဆိုပါတယ်။