A d v e r t i s e m e n t With Us

ထိုင်းလူကုန်ကူးမှု သံသယရှိသူ ၇၂ ဦးကို စွဲချက်တင်၊ ၄၅ ဦးကို ဖမ်းဝရမ်းထုတ်

ထိုင်းအစိုးရက လူကုန်ကူးမှုမှာ ပါဝင်တယ်လို့သံသယရှိသူ ၇၂ ယောက်ကို ဇူလိုင်လ ၂၄ ရက်နေ့က စွဲချက်တင်လိုက်ပါတယ်။ နောက်ထပ် ၄၅ ယောက်ကိုတော့ ဖမ်းဝရမ်း ထုတ်ထားပါတယ်။ အမေရိကန်နိုင်ငံက ကမ္ဘာ့နိုင်ငံတွေရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အားထုတ်မှုတွေနဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေကို လာမယ့်သီတင်းပတ်မှာ အကဲမဖြတ်မီ ရက်ပိုင်းအလိုမှာ ခုလို စွဲချက်တင်လိုက်တာပါ။ ထိုင်းမလေးရှားနယ်စပ်နားက တောနက်ထဲမှာ လူ ၂၆ ယောက်ရဲ့ အလောင်းကို ကျင်းတွေထဲမှာ မြှုပ်ထားတာ ရှာတွေ့အပြီး မေလက ထိုင်းအစိုးရဟာ လူကုန်ကူး မှုကို အသည်းအသန် စုံစမ်း စစ်ဆေးနေခဲ့တာပါ။ ဒီနှိမ်နင်းမှု က ဒေသတွင်း ရွှေ့ပြောင်းနေထိုင်မှု အကြပ်အတည်းကို ဖြစ်စေခဲ့ပါတယ်။ ရာဇဝတ်ဂိုဏ်းသား လူကုန်ကူးသူတွေက ထောင်နဲ့ချီတဲ့လူတွေကို ထိုင်းကမ်းခြေကို ခေါ်သွား ရမယ့်အစား လူတွေ ကြပ်ညပ်နေတဲ့ လှေတွေနဲ့ အတူ ပင်လယ်ထဲမှာ စွန့်ပစ်ခဲ့ပါတယ်။ အခု စုံစမ်းစစ်ဆေးမှုဟာ ထိုင်းသမိုင်းမှာ အကြီးဆုံး လူကုန်ကူးမှု ဖြစ်တယ်လို့အမျိုးသား ဒုရဲချုပ်က ပြောပါတယ်။ ရှေ့နေချုပ်ရုံး ပြောခွင့်ရ ဝမ်ချိုင်း ရောင်ဂျနာဗွန်က လူ ၇၂ ယောက်ကို ဖမ်းထားပြီး အမှု ၁၆ မှုနဲ့ စွဲချက်တင်ထားတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ “နိုင်ငံခြားမှာ ထွက်ပြေးနေဆဲ လူတွေအတွက် ကျနော်တို့ဟာ သူတို့ကို ပြန်ပို့ဖို့ လက်ရှိ ရှိနေတဲ့ အကျဉ်းသားဖလှယ်ရေး သဘောတူညီချက်အရ အမျိုးသားရဲတပ်ဖွဲ့နဲ့ လက်တွဲပြီး အလုပ်လုပ်မယ်။” ဖမ်းထားသူတွေထဲက ၁၅ ယောက်ဟာ ထိုင်းအရာရှိတွေဖြစ်ပြီး စစ်သားတယောက်နဲ့ ရဲအရာရှိ ၄ ယောက်လည်း ပါတယ်လို့သူက ပြောပါတယ်။ သူတို့ကိုတော့ လူကုန်ကူးမှု နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံထဲ တရားမဝင် တင်သွင်းမှုနဲ့ အရာရှိ တာဝန် ချိုးဖောက်မှု စတဲ့ စွဲချက်တွေနဲ့ တရားစွဲ ထားပါတယ်။ အမှုတွဲတွေကို ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ကျင်းတွေကို ရှာတွေ့ပြီး သံသယ ရှိသူတွေကို ထောင်ချထားတဲ့ ထိုင်းတောင်ပိုင်းက ဆုန်ခလာခရိုင် တရားရုံးဆီ ပို့ပြီးပြီလို့ဝမ်ချိုင်းက ဆက်ပြောပါတယ်။ ဖမ်းဆီးမှုတွေ ရှိနေပေမယ့် ထိုင်းရဲ့ လူကုန်ကူးမှုနှိမ်နင်းရေး ရေရှည် ထိရောက်မှုနဲ့ ပတ်သက်ပြီး မေးခွန်းတွေက ရှိနေဆဲပါ။ ရိုက်တာ သတင်းဌာနက ဒီလထဲမှာ စုံစမ်းမှုတွေအရ နှိမ်နင်းမှုတွေဟာ မျက်မြင်သက်သေကို ခြိမ်းခြောက်တာ အပါအဝင် ကြောက်စရာကောင်းတဲ့ အဟန့်အတားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကျန်ခဲ့တဲ့ ဇွန်လက အမေရိကန်နိုင်ငံဟာ အာရှက သက်တမ်းအရင့်ဆုံး မဟာမိတ် ထိုင်းနိုင်ငံကို ၂၀၁၄ လူကုန်ကူးမှု တုံ့ပြန်ရေး အစီရင်ခံစာအတွင်း အဆင့်နှိမ့် သတ်မှတ်ခဲ့လို့အနိမ့်ဆုံး အဆင့် တိုင်ယာသရီး အဆင့် ကို ရောက်ခဲ့ပါတယ်။ တရားမဝင် လူကုန်ကူးမှုကို နှိမ်နင်းဖို့ အနိမ့်ဆုံးအဆင့်ကို မပြည့်မီတဲ့အတွက် ခုလို သတ်မှတ်ခံရတာပါ။ လွန်ခဲ့တဲ့ ၄ နှစ်တောက်လျှောက်မှာလည်း ထိုင်းနိုင်ငံဟာ ဒုတိယအနိမ့်ဆုံး အဆင့်ဖြစ်တဲ့ တိုင်ယာတူး စောင့်ကြည့်စာရင်းထဲမှာ ပါခဲ့တာပါ။ အမေရိကန်ဟာ အစီရင်ခံစာ အသစ်ကို ဇူလိုင်လ ၂၇ ရက်နေ့မှာ ဖြန့်ချိမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up