Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှု ဒီအန်အေပြန်လည်စစ်ဆေးရန် တရားရုံးမှညွှန်ကြား
DVB
·
July 25, 2015
ထိုင်းတောင်ပိုင်း လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့အမှုကို ကော့ဆမွီခရိုင် တရားရုံးက  ဆက်လက်စစ်ဆေးရာမှာ တရားသူကြီးက ဒီအန်အေ (မျိုးဗီဇ)ကို ပြန်လည်စစ်ဆေးဖို့ ညွှန်ကြားလိုက်ပါတယ်။ ဇူလိုင်လ ၂၄ ရက်နေ့မှာ  တရားလိုပြသက်သေဖြစ်တဲ့  ကော့ဆမွီခရိုင် ထိုင်းရဲတပ်ဖွဲ့ မှုခင်း ဆေးသိပ္ပံဆိုင်ရာ  ရဲအရာရှိ ၂ ယောက်ကို စစ်ဆေးခဲ့ပြီး တရားသူကြီးက ဒီအန်အေပြန်စစ်ဖို့ အမိန့်ချလိုက်တာလို့ ဒီအမှုမှာ မြန်မာသံရုံးကိုယ်စားလှယ်အဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။ “ဒီနေ့က ဒီအန်အေနဲ့ ပတ်သက်တဲ့ မှုခင်းဆရာဝန်တွေကို စစ်တယ်။ နောက်ပြီးတော့ ကျတော်တို့ဘက်က တောင်းဆိုထားတဲ့ ဒီအန်အေနဲ့ သက်သေအထောက်အထားတွေကို ပြန်လည် စစ်ဆေးဖို့ကိစ္စ တရားရုံးကလည်း ခွင့်ပြုမိန့်ပေးလိုက်တယ်။ ပေါက်တူးနဲ့ ပေါက်တူးရိုးက ဒီအန်အေ၊ သေသူမိန်းကလေးရဲ့ ကိုယ်ခန္ဓာပေါ်ကရတဲ့ ဒီအန်အေ ပြီးတော့ ကျနော်တို့ဘက်က  မြန်မာကလေး ၂ ယောက်ရဲ့ တံတွေးတို့ ဆီးတို့ ပြန်စစ်စေချင်တယ်။” ပြီးခဲ့တဲ့ အပတ်က မှုခင်းရဲအရာရှိတယောက်ထွက်ဆိုချက်မှာ ဒီအန်အေစစ်ဆေးရင်းနဲ့ ကုန်သွားပြီ လို့ ပြောခဲ့ပေမယ့် မနေ့က ထွက်ဆိုတဲ့ မှုခင်းရဲကတော့ ဒီအန်အေ ရှိနေဆဲဖြစ်ကြောင်း၊ ဒါပေမယ့် တချို့က သက်တမ်းကုန်ဆုံးနိုင်တယ်လို့လည်း ပြောတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့ဘက်ကတော့ ထိုင်းရှေ့နေများကောင်စီနဲ့ ဆက်လက်ဆွေးနွေးတိုင်ပင်ရအုံး မယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။ လာမယ့်အပတ် ရုံးချိန်းကို တရားရုံးက သြဂုတ်လ ၁၈ ရက်ကနေ ၂၁ ရက်နေ့ထိ သတ်မှတ်ပြီး တရားလိုပြသက်သေတွေ ဆက်လက်စစ်ဆေးမှာ ဖြစ်ပါတယ်။ ယခုတပတ် စစ်ဆေးမှုမှာ တရားလိုပြသက်သေ မှုခင်းဆိုင်ရာရဲအရာရှိ ၂ ဦးနဲ့ အမျိုးသမီးရဲဗိုလ်မှူး ၁ ဦးမှ စီစီကင်မရာက ရိုက်ယူထားတဲ့ ဓာတ်ပုံတွေပါ ထွက်ဆိုခဲ့ပေမယ့်   မြန်မာလူငယ် ၂ ဦး ကျူးလွန်တဲ့သက်သေအထောက်အထား ခိုင်ခိုင်လုံလုံကို မပြနိုင်သေးဘဲ ယုတ္တိမတန်ကွဲလွဲချက်တွေ တွေ့မြင်နေရတယ်လို့ ဦးအောင်မျိုးသန့်က ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024