A d v e r t i s e m e n t With Us

အလုပ်သမားသပိတ်မှောက်နေစဉ် ချီလီသတ္တုတွင်းသားတဦး ပစ်သတ်ခံရ (ရုပ်သံ)

ချီလီနိုင်ငံမြောက်ပိုင်းက အစိုးရပိုင်ကြေးနီသတ္တုတွင်း ကုမ္ပဏီ ကိုဒယ်လ်ကိုရဲ့ ဆယ်လ်ဗာဒို သတ္တုတွင်းနားမှာ ၄ ရက်မြောက် အလုပ်သမားသပိတ် မှောက်နေတုန်း ဇူလိုင် ၂၄ ရက်နေ့က တွင်းသားတယောက် အသေပစ်သတ်ခံရတယ်လို့အလုပ်သမားတွေကို ကိုယ်စားပြုတဲ့ သမဂ္ဂ CTC က ပြောပါတယ်။ လမ်းရှင်းဖို့ အမိန့်ပေးခဲ့တဲ့ ရဲကပစ်တာလို့ သမဂ္ဂက အပြစ်တင် ပြောဆိုပါတယ်။ အာတာကာမာ တရားသူကြီး ဂျူလီယို အာတီဂက်စ်က ဒီအမှုကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ် လို့ပြောပါတယ်။ အမျိုးသား ရဲတပ်ဖွဲ့ကတော့ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်မယ်လို့ပြောပါတယ်။ ကိုဒယ်လ်ကို ဝန်ထမ်းတွေကို တိုက်ရိုက်ပေးတဲ့ ညှိနှိုင်းထားတဲ့ အကျိုးခံစားခွင့်ကို အလားတူ ရရှိရေး တောင်းဆိုဖို့ သမဂ္ဂနဲ့ ချိတ်ထားတဲ့ ကန်ထရိုက်လုပ်သားတွေက ဇူလိုင် ၂၁ ရက်နေ့က ဆန္ဒပြပွဲ စခဲ့ပါတယ်။ အဲဒီနောက် ကြေးနီလုပ်သားများ သမဂ္ဂဟာ နိုင်ငံတလွှားက ကိုဒယ်လ်ကို စီမံကိန်းတွေမှာ လမ်းတွေကို ပိတ်ဆို့ထားပြီး အရံအတားတွေ ချထားခဲ့တာပါ။ သမဂ္ဂခေါင်းဆောင်က ရဲတွေဟာ ပတ်ဝန်းကျင်ကို ရှင်းလင်းဖို့ ဆန္ဒပြုသူတွေကို အမိန့်မပေးဘဲ စပြီး ပစ်ခတ်ခဲ့တာလို့ပြောပါတယ်။ ရဲတွေက ရာဘာကျည်ဆံတွေနဲ့ လုပ်သားတွေရဲ့ မျက်နှာတွေ ကိုယ်လုံးတွေကို ပစ်ခဲ့တယ် ကျည်ဆန်မှန်လို့မျက်နှာမှာ ဒဏ်ရာရတဲ့ လုပ်သား အတော်များများ ရှိတယ်လို့ သူက ပြောပါတယ်။ ခံစားခွင့်အသစ်အတွက် သဘောတူညီချက် မူကြမ်းကို ညှိနှိုင်းချိန် မတိုင်ခင်အထိ အလုပ်ကို ရပ်ထားမယ်လို့ သမဂ္ဂက ကြေညာချက် ထုတ်ပြန်ပါတယ်။ ကိုဒယ်လ်ကိုဟာ ဆယ်လ်ဗာဒို သတ္တုတွင်းက လုပ်ငန်းအားလုံးကို ရပ်ထားရပါတယ်။ တွင်းဟာ ကုမ္ပဏီရဲ့ စုစုပေါင်း ကြေးနီ ထွက်နှုန်းရဲ့ ၁ ရာခိုင်နှုန်းရှိပြီး မနှစ်က တန်ချိန် ၅ သောင်း ၄ ထောင် ထွက်ခဲ့တာပါ။ ဆန္ဒပြလုပ်သားတွေ ပစ်မှတ်ထားတဲ့ တခြားသတ္တုတွင်း ၄ ခုက ပုံမှန် အလုပ်လုပ် နေတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဆယ်လ်ဗာဒို သတ္တုတွင်းရပ်နားမှုကြောင့် နေ့စဉ် ဒေါ်လာ ၅ သိန်း ဆုံးရှုံးနေပြီး တန်ဖိုးရှိတဲ့ ပစ္စည်းကိရိယာတွေကို ဆန္ဒပြလုပ်သားတွေက ဖျက်ဆီးခဲ့တယ်လို့ ကုမ္ပဏီက ဇူလိုင်လ ၂၃ ရက်နေ့က ပြောခဲ့ပါတယ်။ လုပ်သားတွေအတွက် ခံစားခွင့် တိုးမြှင့်တာဟာ လက်ရှိဈေးကွက် အခြေအနေနဲ့ မကိုက်ညီဘူးလို့ကုမ္ပဏီက ဒီအပတ်ထဲမှာ ပြောပါတယ်။ ကြေးနီးဈေးနှုံးဟာ အဓိက ဖောက်သည် တရုတ်ရဲ့ ဈေးကွက်တောင်းဆိုမှုအပေါ် စိုးရိမ်နေရလို့ဈေးကျနေတာ နှစ်တွေနဲ့ချီ ကြာနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up