Home
မေးမြန်းခန်း
တိုင်းပြည်မတည်ငြိမ်အောင် အစိုးရကိုယ်တိုင် အမှုဆင် ပြဿ နာရှာတာ -ဒေါ်စုစုနွေး
အေးနိုင်
·
July 25, 2015
မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဒေါ်စုစုနွေးကို အင်းတကော်မြို့နယ် ရဲစခန်းက ဖမ်းဆီးပြီး ပိုင်နက်ကျူးလွန်မှုနဲ့ ပဲခူးအချုပ်ထောင်မှာ ချုပ်နှောင်ထားပါတယ်။ ဇူလိုင်လ ၂၃ ရက်နေ့က ညောင်လေးပင်မြို့ကနေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူပြန်လာတဲ့ ဒေါ်စုစုနွေး အင်းတကော်ရဲက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အတူလိုက်ပါလာတဲ့ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ ရုံးအဖွဲ့မှူး ဦးမြင့်သိန်းက “ပဲခူးမြိုတရားရုံးကိုရောက်တော့ တရားသူကြီးကနေပြီးတော့ အင်းတကော် စီအေဒီတပ် အမှတ်(၁)လက်နက်ခဲယမ်းမီးကျောက်တပ်က ဗိုလ်ကြီးဟိန်းဇော်ကနေပြီးတော့ ပိုင်နက်ကျူးလွန်မှု ပေါ့လေ ၄၄၇ ပုဒ်မ နဲ့ တရားစွဲထားတဲ့အကြောင်း ပြပါတယ်။ ဒေါ်စုစုနွေးက သူ့မှာအပြစ်မရှိကြောင်း ဒီပုဒ်မ ၄၄၇ တပ်တာကို ငြင်းဆိုတာပေါ့။ တရားသူကြီးက အမှုဖွင့်ထားရင် စစ်ရမှာဖြစ်တယ်လို့ ပြောကြရင်း ၂၉ ရက်နေ့ရုံးချိန်းကို အခု အာမခံယူမလားလို့မေးတယ်။ ဒေါ်စုစုနွေးက သူ့မှာအပြစ်မရှိဘူး၊ မယူဘူးပေါ့။ ရုံးချိန်းက ၂၉ ရက်နေ့ပါ။ မနေ့ကတော့ ရုံးမထုတ်ဘူးလို့ ပြောပေမယ့် ဒီကနေ့ ကျနော်တို့ သွားတွေ့တော့ ရုံးထုတ်မှာ ထွက်မယ့်အကြောင်း ပြောလိုက်တယ်” လို့ ပြောပါတယ်။ ဇူလိုင် ၂၃ ရက်နေ့က ဒေါ်စုစုနွေးကို ထောင်ကို မခေါ်ဆောင်မီအချိန်ပိုင်း ပဲခူးမြို့တရားရုံးမှာ ရှိခိုက် ဒီဗွီဘီက ဆက်သွယ်မေးမြန်းခွင့်ရခဲ့ပါတယ်။ မစုစုနွေး အင်းတကော် ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတယ်ဆို ဘယ်လိုဖြစ်တာလဲခင်ဗျ။ “သူတို့က အင်းတကော်ကိစ္စလေ။ အင်းတကော်မှာ ဟိုတခါတုန်းက စစ်တပ်ဘက်က စစ်သားတွေရော၊ စွမ်းအားရှင်တွေရောဆို အယောက် ၃၀၀ လောက်လေ။ ကျမတို့ကနေ စစ်တပ်ထဲကို တွေ့ခွင့်တောင်းတယ်။ တွေ့ခွင်းတောင်းတဲ့အခါကျတော့ သူတို့က တွေ့ခွင့်မပေးဘူး။ ‘မင်းတို့ပေါ့နော် ငါတို့သတ်မှတ်ထားတဲ့ရက်အတိုင်းမှာ တဲတွေ မဖျက်ပေးဘူးဆိုရင်’ ဆိုပြီး သူတို့က လယ်သမားတွေကို ကြိမ်းတာပေါ့နော်။ တဲ ၇ လုံး မဖျက်ပေးဘူးဆိုရင် မင်းတို့ ငါတို့ကို အဆိုးမဆိုနဲ့။ မင်းတို့တဲတွေကို ငါတို့ဖျက်ပြီးတော့ မင်းတို့စိုက်ထားတဲ့ စပါးခင်းတွေကို ၀င်ပြီးတော့ ဖျက်ဆီးပစ်မယ်ဆိုပြီး တပ်မှူးကနေ ပြောထားတယ်။ ပြောထားတဲ့အခါကျတော့ ကျမကလေ တပ်မှူးကိုတွေ့ဖို့ ကျမ စာကြိုတင်ပြီးတော့ တောင်းဆိုတယ်။ ဒါပေမယ့် တပ်မှူးက ကျမကို ပေးမတွေ့တဲ့အခါကျတော့ လယ်သမားတွေကို မတရားလုပ်ပစ်လိုက်မှာ ကျမက စိုးရိမ်တယ်။ စိုးရိမ်တာနဲ့ ရွာလေးတရွာမှာ ကျမက ၀င်ပြီးတော့ အိပ်နေတာပေါ့။ မနက်စာ ထမင်းစားတုန်း ရှိသေးတယ်။ ‘အမ၊ အမ ကျတော်တို့စပါးခင်းတွေကို တပ်ထဲက ၀င်ဖျက်ဆီးနေပါတယ် အမရယ်လိုက်ခဲ့ပါ’ ဆိုတော့ ကျမဘယ်လိုလိုက်ရမှာလဲဆိုတော့ သူတို့ခေါ်တဲ့အတိုင်း လိုက်သွားတယ်။ လိုက်သွားတော့ တပ်ဘက်က အယောက် ၃ ရာလောက်ရှိတယ်။ သေနတ်တွေရော၊ ဒါးတွေရော၊ တုတ်တွေရော၊ မှိန်းတွေရော၊ ခက်ရင်းတွေရော၊ လှံတွေရော။ လယ်သမားတွေဘက်က ၇၀ လောက်ပဲရှိတယ်။ ကျမက အင်အားကို ကြည့်လိုက်တဲ့အခါကျတော့ လယ်သမားဘက်က နည်းတယ်။ တပ်ဘက်က သေနတ်တွေကိုင်ပြီး ကင်းပုန်းဝပ်တာတွေရော၊ အင်အားက များတာဖြစ်တဲ့အတွက် ကျမကနေပြီးတော့ လယ်သမားတွေကို ဒီဘက်ကလည်း ၀င်မလုပ်ဖို့၊ စစ်တပ်ဘက်ကလည်း လယ်သမားတွေကို မလုပ်ဖို့ ကျမက ကြားခံအနေနဲ့ တောင်းဆိုတယ်ပေါ့နော်။ တကယ်လို့ အကိုတို့ဘက်က တပ်ပိုင်ဆိုရင် ဥပဒေကြောင်းအရ ဆောင်ရွက်ပါ။ လယ်သမားဘက်ကလည်း လယ်သမားပိုင်တယ်ဆိုရင် ဥပဒေအရ ဖြေရှင်းပါ။ တဖက်နဲ့တဖက် သွေးထွက်သံယိုမဖြစ်ပါနဲ့လို့ပြောတာ။ အဲဒီမှာ ဗိုလ်ကြီးဟိန်းဇော် အခု ကျမကို တရားလိုစွဲထားတဲ့ ဗိုလ်ကြီးဟိန်းဇော် တော်တော် မိုက်ရိုင်းတာ၊ ကျမကိုေ-ာက်တွေ ဘာတွေနဲ့ပေါ့နော်။ တော်တော်လေးကို မိုက်မိုက်ရိုင်းရိုင်းပြောတယ်။ ကျမကိုဒေါသဖြစ်အောင် သူက ဆွတာ။ ကျမဒေါသမဖြစ်ဘဲနဲ့။ ကျမဒေါသဖြစ်လို့ တချက်ကလေးမှားသွားတာနဲ့ လယ်သမားတွေက ၀င်လုပ်လို့ရှိရင် လယ်သမားတွေက ခံရမှာ။ အဲတော့ ကျမက လယ်သမားတွေ ငဲ့ပြီးတော့ သူတို့ပြောသမျှဆိုသမျှကို ကျမ နားထောင်ပြီးတော့ အတတ်နိုင်ဆုံး ညှိနှိုင်းဆွေးနွေးရင်းကနေ ကျမဆောင်ရွက်တာ။ အဲတော့ တပ်ဘက်ကလည်းမလုပ်ပါနဲ့၊ ပြည်သူဘက်ကလည်း မလုပ်ပါနဲ့လို့ ကျမပြောတဲ့အခါကျတော့ နှစ်ဖက်စလုံး မလုပ်ဘူး။ မလုပ်ကြတော့ ကျမတို့ ပြန်လာကြတယ်။ ပြန်လာကြတော့ ဗိုလ်ကြီးဟိန်းဇော်နဲ့ ဗိုလ်မှူးတယောက်နဲ့ ကျမနောက်ကိုလိုက်လာပြီးတော့ ‘သူတို့တပ်မှူးက ခေါ်ခိုင်းလိုက်လို့တဲ့၊ အမကို လာဖမ်းတာ’တဲ့။ ကျမက ‘ကျမကို အဲလိုဖမ်းလို့မရဘူးလေ’ လို့။ ‘အကိုတို့ဖက်က ဖမ်းတယ်ဆိုရင် ရဲစခန်းမှာ အမှုသွားဖွင့်ချည်’ လို့၊ ‘ရဲမေလည်းခေါ်ခဲ့ပါ၊ ရပ်ကွက်လူကြီးကိုလည်း ခေါ်ခဲ့ပါ၊ အဲဒါမှ တရားဝင်မယ်၊ ဥပဒေလုပ်ထုံးလုပ်နည်းအရ အကိုတို့လုပ်ပါ’ လို့ အဲဒီလိုပြောတော့ ‘အဲဒါဆိုရင် ကျနော်တို့ အဲဒါတွေ သွားလုပ်လိုက်ဦးမယ်’ ဆိုပြီး ပြန်သွားကြတယ်။ ပြန်သွားတော့ ကျမရေမိုးချိုးပြီး သူတို့လာဖမ်းမယ်ဆိုလို အဲဒီမှာ ကျမထိုင်စောင့်နေတယ်။ နောက် ၂ နာရီထိုးလောက်ကြာတော့ သူတို့ လူ ၁၃ ယောက်လောက်နဲ့ လာတယ်။ သူတို့လာပြီးတော့ ကျမကို ဘာပြောလည်းဆိုတော့ ‘အမကို ကျနော်တို့ မဖမ်းတော့ပါဘူး၊ အမကို မဖမ်းပါဘူး’ တဲ့၊ ‘ကျနော်တို့ အမနဲ့ ညှိနှိုင်းပါမယ်’ တဲ့။ အမ နောက်တခါ ကျနော်တို့တပ်ပိုင်ထဲကို မလာပါနဲ့တဲ့။ ကျနော်တို့တပ်ပိုင်ထဲကိုလာလို့ရှိရင် ကျနော်တို့ အဆိုးမဆိုနဲ့တဲ့။ ရဲက ရဲအလုပ်ကို ရဲလုပ်ပါလိမ့်မယ်’တဲ့။ အဲဒီကတည်းက အဲဒီထဲကို ကျမမသွားဘူးပေါ့နော်။ အခုလည်းကျရော ကျမကို တရားစွဲတယ်ဆိုပြီးတော့ ကျမ ညောင်လေးပင်ကနေ ပြန်လာတဲ့အချိန်မှာ သူတို့ကျမကိုပေါ့နော် ကျမ အင်းတကော် ရဲစခန်းရှေ့ကနေပြီးတော့ သူတို့ကျမကို ဖမ်းတယ်။ ကျမစီးလာတဲ့ ခရီးသည်ကားကို ရဲစခန်းထဲကို ၀င်ခိုင်းတယ်။ ကျမကို ခရီးသည်ကားပေါ်ကနေ ဆင်းခိုင်းပြီးတော့ တရားရုံးကို ဖမ်းပို့တယ်ပေါ့။” “ကျမသိချင်တာက တပ်ကနေပြီးတော့ ဗိုလ်ကြီးဟိန်းဇော်ကနေပြီးတော့ ဗိုလ်ကြီးကိုယ်တိုင်ကနေ ပြီးတော့ ညှိနှိုင်းပြီးတော့ နောက်တခါ မစုစုနွေး ကျနော်တို့တပ်ထဲကို မလာပါနဲ့။ ကျနော်တို့ တပ်ထဲကို လာလို့ရှိရင် ရဲက ရဲအလုပ်လုပ်ပါမယ်လို့ ပြောထားပါလျက်နဲ့၊ ကျမဘက်ကလည်း မိန်းကလေးတယောက်အနေနဲ့ ကတိတည်ပါလျက်နဲ့ ဘာဖြစ်လို့ကျမကို အခုလိုမျိုး တရားစွဲတာလဲဆိုတာ ကျမသိချင်တယ်။ အဲဒီတော့ ယောက်ျားတွေက ယောက်ျားကတိကို တည်ရမယ်။ ကျမတောင် မိန်းမကတိတည်ထားတာ။ ကျမ ဟိန်းဇော်ကို အကျိုးဖျက်ဆီးမှု ၂၆၊ ၂၇၊ ၂၈ နဲ့ပြန်စွဲမယ်။ ဘာကြောင့်လဲဆို သူတို့ အကျိုးဖျက်ဆီးမှုကို အရင်လုပ်တာ။” ရဲကဖမ်းပြီး တရားရုံးပို့တယ်ဆိုတော့ လက်ထိပ်ခတ်ခံရလား။ ဘယ်တရားရုံးကို ပို့သလဲ။ “ပဲခူးတရားရုံးကိုပါ အခုကျမ ပဲခူးတရားရုံးကနေ ဆက်နေတာပါ။ ကျမ အာမခံမလုပ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျမဘက်က မိန်းကလေး ကတိတည်တယ်လေ။ သူတို့က စစ်တပ်လေ၊ ယောက်ျားရင့်မာကြီးတွေ။ သူတို့ပြောထားတဲ့စကားကိုသူတို့လည်း တန်ဖိုးထားရမယ်လေ။ သူတို့ပါးစပ်ကထွက်ထားတာ၊ သူတို့ -င်က ထွက်ထားတာမဟုတ်ဘူး။ ကိုယ့်ပါးစပ်ကထွက်တဲ့ စကားတော့ ကိုယ်တန်ဖိုးထားရမယ်။” ပဲခူးတရားရုံးကနေ မစုစုနွေးကို ပြန်လွှတ်ပေးဖို့ရှိလား။ သူတို့ ဘာလုပ်နိုင်သလဲ။ “သူတို့ဘာလုပ်မလဲတော့ မသိဘူး။ ကျမကတော့ အာမခံမလုပ်ဘူး။ ဘာဖြစ်လို့လည်းဆို ကျမ မမှားဘူးလေ။ ကျမမမှားတာဖြစ်တဲ့အတွက် အာမခံမလုပ်ဘူး။” ရဲက ဘာဖြစ်လို့ဖမ်းတယ်လို့ပြောလဲ။ “အဲဒီ စီအေဒီတပ်က ဗိုလ်ကြီးဟိန်းဇော်ကနေပြီး တရားလိုလုပ်ပြီးတော့ အမှုဖွင့်တဲ့အတွက် သူတို့ အင်းတကော်ရဲက ဖမ်းရပါတယ်လို့တော့ ပြောတယ်။” အမှုက ၀တ္တရားနှောင့်ယှက်မှုလား။ ပိုက်နက်ကျူးလွန်မှုလား။ “အဲဒါတော့ ကျမကို သူတို့ မပြောသေးဘူး။ မသိသေးဘူး။” မစုစုနွေးကို ဖမ်းတော့ လက်ထိပ်ခတ်ခံရလား။ “မခတ်ပါဘူး။ သူတို့ ကားနဲ့ အရံသင့်စောင့်နေတယ်။ ကျမတို့ကားကို ခရီးသည်ကားကို သူတို့ခေါ်သွားပြီးတော့ သူတို့ကားပေါ် ကျမကိုတက်ခိုင်းတယ်။ ကျမက သူတို့‘ကားပေါ်မတက်ဘူး’ လို့၊ ‘ရှင်တို့က လယ်တွေသိမ်းပြီး ရောင်းစားထားတာ ကျမ မတက်ဘူး’ လို့၊ ကျမဖာသာကျမ တက္ကစီငှားပြီး လိုက်မယ်ဆိုပြီးတော့ တက္ကစီငှားပြီးလိုက်တယ်။” စွဲဆိုခံရမယ့် ပုဒ်မ မသိဘူး။ တရားစွဲခံရရင် အာမခံမလုပ်ဘူးဆိုတော့ တစုံတခု ပြောစရာရှိမလား။ “ကျမပြောချင်တာကတော့ ကျမ ၂၀၁၁ ထောင်ကနေ ထွက်လာပြီးကတည်းက ပါတီရဲ့တာဝန်တွေကို ကျမနားပြီးတော့ ကျမက လယ်သမားသားသမီးဖြစ်တဲ့အတွက် လယ်သမားတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အလုပ်သမားတွေ ဖွံဖြိုးတိုးတက်ရေးကို အဓိကထားပြီးတော့ အတတ်နိုင်ဆုံး ညှိနှိုင်းဆွေးနွေးရေးကနေ အောင်မြင်အောင် ကျမဆောင်ရွက်တယ်ပေါ့။ ကျမအနေနဲ့လည်း ညှိနှိုင်းဆွေးနွေးရေးလမ်းကြောင်းအပေါ်ကိုပဲ လယ်သမားတွေကို ကျမက ဆွဲတင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမိုကရေစီစနစ်နဲ့အညီပေါ့နော် တဦးတယောက်နဲ့ တောင်းဆိုတာထက် အစုအဖွဲ့နဲ့တောင်းဆိုမှသာ အောင်မြင်နိုင်မယ်ဆိုတာ ကျမယုံကြည်တယ်။ ဒါကြောင့်မို့ စနစ်တကျနဲ့ ဆန္ဒပြတဲ့လမ်းကြောင်းပေါ်တောင်မှ လယ်သမားတွေကို ဆွဲမတင်ဘဲနဲ့ တွေ့ဆုံညှိနှိုင်းဆောင်ရွက်မှုနဲ့ လယ်သမားတွေကို ဆောင်ရွက်ပေးနေတာ။ အဲဒီတော့ ကျမလုပ်ဆောင်ချက်အားလုံးကလည်း တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကနေ ဆူပူမှုတွေမဖြစ်အောင် အတတ်နိုင်ဆုံးဥပဒေဘောင်အတွင်းကနေပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်နေတာ။ ဒါကိုပေါ့ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရနဲ့ လက်ရှိပေါ့ တာဝန်အရှိဆုံးဖြစ်တဲ့ စစ်တပ်ကနေပြီးတော့ ကျမအပေါ်မှာ အမှုဆင်ပြီး တရားစွဲတာဟာ၊ အမှုဆင်ပြီးတော့ ပြသနာရှာတာဟာ တိုင်းပြည်မတည်မငြိမ်ဖြစ်အောင် အစိုးရကိုယ်တိုင် ကျူးလွန်နေတာလို့ ကျမ ပြောထားခဲ့ချင်တယ်။ (မှတ်ချက်။  ။ ဒေါ်စုစုနွေးရေးသားထားတဲ့ အင်းတကော်ဖြစ်စဉ်အကျဉ်းချုပ်တွင် -        ။ ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စုက လယ်ယာမြေနဲ့ ဥယျာဉ်ခြံမြေ  ဧက(၅၈၀၀)ကျော်ကို (အရင်)ပင်မလက်နက်ခဲယမ်းမီးကျောက်တပ်၊ (အခု)အမှတ်(၁)လက်နက်ခဲယမ်းမီးကျောက်တပ်(CAD)က ၁၉၉၃ ခုနှစ်မှာ ကျောက်တိုင်စိုက်ထူပြီး တပ်ပိုင်မြေလုပ်၊ ၁၉၉၆ ခုနှစ်ကလို့ သိမ်းယူမြေတွေကို   တဧက ၁၀ နှုန်းနဲ့ သီးစားပြန်ချခဲ့။ လယ်သမားတွေက လယ်ပြန်ရလိုကြောင်း အစိုးရနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ တင်ပြ၊ သတင်းစာရှင်းလင်းပွဲလုပ်ကြပေမယ့် မပြေလည်။ ၂၀၁၄ နှစ်လည်ပိုင်းမှာ ရွာသားတွေရဲ့ တဲတွေကို စစ်တပ်က ဖျက်ခိုင်းရာက အချေအတင်ဖြစ်ပြီး လယ်သမားတွေရဲ့ စပါးခင်းကို တပ်က ဖျက်ဆီးခဲ့တာကြောင့် အခြေအနေ တင်းမာခဲ့ခြင်းဖြစ်။)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024