တန်ဖိုးမြှင့်ခွန် သတ်မှတ်ရေး အစိုးရအဆိုပြုချက် ဂရိကျောင်းဆရာများ ဆန္ဒပြ

2.2K
ပုဂ္ဂလိကျောင်းတွေအပေါ် တန်ဖိုးမြှင့်ခွန် သတ်မှတ်ဖို့ အစိုးရရဲ့ အဆိုပြုချက်ကို ကန့်ကွက်တဲ့အနေနဲ့ ဂရိနိုင်ငံမြို့တော် အေသင်က ဟယ်လင်းနစ်လွှတ်တော်မှာ ကျောင်းဆရာ အယောက် ၂၀၀ လောက် ဇူလိုင် ၂၂ ရက်နေ့က စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
ပုဂ္ဂလိကကျောင်းတွေကို တန်ဖိုးမြှင့်ခွန် ၂၃ ရာခိုင်နှုန်း ကောက်ခံရေး ဂရိလွှတ်တော်က ဇူလိုင် ၂၂ ရက်နေ့ကစပြီး စကားရည်လုခဲ့တာပါ။
လတ်တလောမှာတော့ ပုဂ္ဂလိကကျောင်းတွေကို ပြည်သူပိုင်ကျောင်းတွေနဲ့ တန်းတူ အခွန်ကင်းလွတ်ခွင့် ပေးထားပါတယ်။
ဒါပေမယ့် အာမခံ စီမံကိန်းတွေအရေး ဥရောပသမဂ္ဂနဲ့ ညှိနှိုင်းမှုတွေ ဆက်လုပ်ဖို့ အကြောင်းပြချက်အနေနဲ့ ခုလိုအဆိုပြုခဲ့တာပါ။
ဂရိနိုင်ငံတလွှားက ဘာသာစကား သင်တန်းကျောင်း ပိုင်ရှင်များ အသင်းဝင် အယောက် ၄၀ အပါအဝင် ဘာသာစကားသင်ကျောင်း ပိုင်ရှင်တွေနဲ့ အသင်းချုပ်က ဆရာ အယောက် ၂၀၀ လောက် ဇူလိုင် ၂၂ ရက် ညနေက လွှတ်တော်ရှေ့မှာ စုရုံးခဲ့ကြပြီး လွှတ်တော်တွင်း စကားရည်လုပွဲကို မကျေနပ်ကြောင်း ပြခဲ့ကြပါတယ်။
ဂရိနိုင်ငံမှာ လတ်တလောအတွင်း ပုဂ္ဂလိက ဘာသာစကား သင်တန်းကျောင်း ၆၀၀၀ ကျော်ရှိပြီး ကျောင်းသား အယောက် ၈ သိန်းကျော် တက်ရောက်နေပါတယ်။
တကယ်လို့ ပုဂ္ဂလိကကျောင်းတွေအပေါ် တန်ဖိုးမြှင့်ခွန်ကို စည်းကြပ်ခဲ့ရင် ကျောင်းလခက အလုပ်လက်မဲ့ လူငယ်တွေဖြစ်တဲ့ ကျောင်းသားအများစု မတတ်နိုင်လောက်အောင် ဖြစ်ခဲ့လို့ ကျောင်းထွက်နှုန်း မြင့်လာခဲ့ရင် ပုဂ္ဂလိက ဘာသာစကားသင်တန်းကျောင်း တဝက်လောက် စီးပွားပျက်နိုင်ချေ ရှိတယ်လို့ ကျောင်းဆရာတယောက်က ပြောပါတယ်။
“ကျနော်တို့ဟာ ခရီးသွားလုပ်ငန်းကိုလည်း ကူညီနိုင်တယ်။ ကျောင်းသားတွေ ကျောင်းပြီးတဲ့အခါ နိုင်ငံခြား ဘာသာစကား ပြောနိုင်စွမ်းကို ကျနော်တို့က ဆက်ပြီး တိုးမြှင့်ပေးနိုင်တယ်။ ဒါဟာ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ အလုပ်တွေ ရှာမယ်ဆိုရင် ပိုကောင်းတဲ့ ဝန်ဆောင်မှုကို ပေးနိုင်စေတယ်။” လို့ ပြောပါတယ်။
ဒါ့အပြင် ဒီအခွန်စည်းကြပ်မှုဟာ နိုင်ငံခြားမှာ အလုပ်သွားလုပ်မယ့် ဂရိလူငယ်တွေရဲ့ အနာဂတ်ကိုလည်း ဝမ်းနည်းစရာ ကောင်းစေလိမ့်မယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။