A d v e r t i s e m e n t With Us

ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ လှုပ်ရှားမှုများ ပြုလုပ်

ဇွန် ၅ ရက်​နေ့​ ကျ​ရောက်တဲ့​ ကမ္ဘာ့​သဘာဝပတ်ဝန်း​ကျင်ထိန်း​သိမ်း​ရေး​နေ့​အထိမ်း​အမှတ်ဖြစ် သစ်ပင်စိုက်တဲ့​လှုပ်ရှား​မှု​တွေကို မြန်မာနိုင်ငံက ရန်ကုန်နဲ့​ မန္တ​လေး​မြို့​ကြီး​တွေမှာ ပြုလုပ်ခဲ့​တယ်လို့​ သဘာဝပတ်ဝန်း​ကျင်အ​ရေး​ လှုပ်ရှား​သူ​တွေက ​ပြောပါတယ်။ ရန်ကုန်မြို့​မှာရှိတဲ့​ လူငယ်အဖွဲ့​အစည်း​တွေ၊​ ပတ်ဝန်း​ကျင်အ​ရေး​ လှုပ်ရှား​တဲ့​ အဖွဲ့​တွေ၊​ ကဗျာဆရာ၊​ စာ​ရေး​ဆရာနဲ့​ သတင်း​မီဒီယာ​လောက စိတ်ပါဝင်စား​ သူ​တွေဟာ မ​ဟောဂနီနဲ့​ အင်ကြင်း​စတဲ့​ သစ်ပင်ကြီး​မျိုး​တွေကို ရန်ကုန်တိုင်း​ ​မှော်ဘီမြို့​နယ်မှာ အပင် ၂၅၀ ​လောက်နဲ့​ ​မြောက်ဥက္ကလာပမြို့​နယ်က ပုလဲလမ်း​သွယ်မှာ အပင် ၆၀ ​လောက် စိုက်ပျိုး​ခဲ့​ကြတာပါ။ ခုလို သစ်ပင်စိုက်ရခြင်း​ရည်ရွယ်ချက်နဲ့​ပတ်သက်ပြီး​ ဒီလှုပ်ရှား​မှုမှာပါဝင်တဲ့​ ပတ်ဝန်း​ကျင်အ​ရေး​တက်ကြွလှုပ်ရှား​သူ စာ​ရေး​ဆရာမ ​ဒေါ်​ဒေဝီသန့်​စင်က အခုလို​ပြောပါတယ်။ “ကမ္ဘာ့​ရဲ့​ အ​ခြေအ​နေအရ ဒီ​နေ့​လို ကမ္ဘာ့​သဘာဝပတ်ဝန်း​ကျင်​နေ့​ တ​နေ့​တည်း​ သစ်ပင်စိုက်လို့​ မရ​တော့​ဘူး​။ တတ်နိုင်သ​လောက် အချိန်တိုင်း​ ကိုယ်တပိုင်တနိုင် စိုက်ရ​တော့​မယ့်​ အချိန်ဖြစ်​နေပြီ။ ကမ္ဘာ့​ရဲ့​ ပျက်စီး​ယိုယွင်း​မှုဟာ တအား​ကို ပြင်း​ထန်လာတယ် အဲဒါ​ကြောင့်​ပါ။” အလား​တူ မန္တ​လေး​မြို့​မှာလည်း​ မန္တ​လေး​တောင်​ခြေမှာရှိတဲ့​ ​ရွှေကျင် နှစ်တရာပြည့်​ ​ကျောင်း​တိုက်မှာ ပတ်ဝန်း​ကျင်​ရေး​လှုပ်ရှား​နေတဲ့​ စိမ်း​ရောင်စိုအဖွဲ့​နဲ့​တခြား​ စိတ်ပါဝင်စား​သူ​တွေဟာ ကန့်​ကော်နဲ့​ ကျွန်း​ပင်အ​ရေအတွက် ၅၀၀ ​လောက် စိုက်ပျိုး​ခဲ့​ကြတယ်လို့​ သိရပါတယ်။ ဒီသစ်ပင်စိုက်ပျိုး​လှုပ်ရှား​မှုနဲ့​ ပတ်သက်ပြီး​ စိမ်း​ရောင်စိုအဖွဲ့​က ကိုမင်း​ထက်ငြိမ်း​ချမ်း​က​တော့​ ရာသီဥတု​ပြောင်း​လဲ​နေမှု ကာကွယ်နိုင်ဖို့​တတ်နိုင်သ​လောက် တပိုင်တနိုင် ​ဆောင်ရွက်တာ ဖြစ်တယ်လို့​ပြောပါတယ်။ “ကျ​နော်တို့​ တတ်နိုင်တာက​တော့​ သစ်ပင်စိုက်တာရယ် သစ်ပင် ထိန်း​သိမ်း​တာရယ်။ သို့​သော် ကျ​နော်တို့​က အာဏာပိုင် အဖွဲ့​အစည်း​တွေ​တော့​ မဟုတ်ဘူး​။ ကျ​နော်တို့​က မူအရ​တော့​ သစ်ပင်စိုက်မယ်။ သဘာဝ​ဘေး​အန္တရာယ်ကျ​ရောက်လာရင် တတ်နိုင်သမျှ ကူညီမယ်။ သဘာဝပတ်ဝန်း​ကျင်နဲ့​ ပတ်သက်တဲ့​ သင်တန်း​လေး​တွေ ရရင်လည်း​ ဖွင့်​တယ်။” လတ်တ​လော မြန်မာနိုင်ငံမှာ တပြည်လုံး​ အတိုင်း​အတာနဲ့​ ပတ်ဝန်း​ကျင်အ​ရေး​ ပါဝင်လှုပ်ရှား​မှု အား​နည်း​နေ​သေး​ပြီး​ ခုချိန်ဟာ ပညာ​ပေး​လုပ်ငန်း​တွေတင် လုပ်ရမယ့်​ အချိန် မဟုတ်​တော့​ဘဲ ကမ္ဘာ​မြေထိန်း​သိမ်း​ရေး​မှာ နိုင်ငံသား​အား​လုံး​ ကိုယ်တိုင် ပါဝင်လုပ်​ဆောင်ရမယ့်​ အချိန်ဖြစ်​နေပြီလို့​ သဘာဝပတ်ဝန်း​ကျင်အ​ရေး​ လှုပ်ရှား​ သူ​တွေက ​ပြောကြပါတယ်။ မြန်မာအစိုး​ရက​တော့​ ​ကျေး​လက်​နေပြည်သူ​တွေကို တအိမ်​ထောင် ယူကလစ်အပင် ၂၀ စိုက်ပျိုး​ဖို့​နဲ့​ တရွာကို တဧက စိုက်ပျိုး​ကြဖို့​ဆော်ဩထား​ပြီး​ လာမယ့်​ ဇူလိုင်လကို တနိုင်ငံလုံး​အတွက် သစ်ပင်စိုက်ပျိုး​ရေး​ကာလအဖြစ် သတ်မှတ်ကာ သစ်ပင်မျိုး​စုံ သန်း​ ၃၀ ​ကျော် စိုက်ပျိုး​နိုင်​ရေး​ ​ဆောင်ရွက်​နေတယ်လို့​နိုင်ငံပိုင်သတင်း​စာ​တွေမှာ ​ဖော်ပြထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up