လူ ၂ ဦးကိုပစ်ခတ်ပြီး သေနတ်သမား ကိုယ့်ကိုယ်ကိုယ် သတ်သေ (ရုပ်သံ)

5K
အမေရိကန်နိုင်ငံ လူဝစ်စီယားနားက လူစည်ကားနေတဲ့ ရုပ်ရှင်ရုံမှာ သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုကြောင့် လူ ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရသွားပါတယ်။
ဇူလိုင် ၂၃ ရက်က ဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်မှုအပြီးမှာ သေနတ်သမားက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး ရိုက်တာသတင်းက ရေးပါတယ်။
ည ၇ နာရီ "Trainwreck" ဆိုတဲ့ ရထားပျက်ဇာတ်ကား ပြသနေစဉ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကော်လိုရာဒိုက ရုပ်ရှင်ရုံမှာ ပစ်ခတ်မှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ရတဲ့ ၃ နှစ်ပြည့်မှာ ဖြစ်ပွားခဲ့ပါတယ်။
ပစ်ခတ်တယ်လို့ သံသယရှိသူက အသက် ၅၈ နှစ်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေ ရောက်တဲ့အချိန်မှာ အဆုံးစီရင်သွားတာ ဖြစ်ပါတယ်။
ပစ်ခတ်တဲ့ သေနတ်သမားကို ရဲတပ်ဖွဲ့က သိရှိသလို စုံစမ်းမှုတွေ စတင်နေတဲ့ အချိန်ဖြစ်လို့ မထုတ်ပြန်ဘူးလို့ ဆိုပါတယ်။ ပစ်ခတ်ခံရတဲ့ သူတွေကိုလည်း အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။
ရုပ်ရှင်ရုံ မှောင်ရိပ်မှာ သေနတ်သမားက ရပ်နေပြီး ၀င်ပစ်ခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။
ရုပ်ရှင်ရုံထဲက ကျောပိုးအိတ်နဲ့ သံသယရှိသူရဲ့ ကားထဲက သံသယရဖြစ်ဖွယ် ပစ္စည်းတွေကို ဗုံးအနံ့ခံတဲ့ခွေးတွေက သတိပေးခဲ့တယ်လို့ ဆိုပါတယ်။