တေးရေးဆရာ မောင်သစ်မင်း ကွယ်လွန်
DVB
·
June 6, 2011
တေးရေးဆရာမောင်သစ်မင်းဟာ ဇွန်လ ၅ ရက် ထိုင်းနိုင်ငံ စံတော်ချိန် မနက် ၉ နာရီ မိနစ် ၂၀ မှာ အူမကြီးကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆမ်မီတဝေ့ ဆေးရုံကြီးမှာ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့ကတည်းက တက်ရောက်ကုသနေတာ ဖြစ်ပါတယ်။ အခုလို ကွယ်လွန်သွားတဲ့ အတွက် ဘန်ကောက်မြို့မှာပဲ မီးသင်္ဂြိုဟ်ဖို့ စီစဉ်ထားပြီး ကျန်ရစ်တဲ့ အရိုးပြာကို မြန်မာနိုင်ငံကို ပြန်လည် သယ်ဆောင်သွားမှာလို့ မိသားစုနဲ့နီးစပ်တဲ့ သူတွေဆီကနေ သိရပါတယ်။
တေးရေး မောင်သစ်မင်းရဲ့ အမည်ရင်းမှာ ဦးဒေဝ ဖြစ်ပြီး အနုပညာလောကကို ကဗျာ၊ ဝတ္ထုတွေ ရေးသားရာကနေ တဆင့် တေးရေးအဖြစ် ဝင်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။
မကွယ်လွန်ခင် နှစ် ၅၀ ပြည့် အမှတ်တရအဖြစ် အဆိုတော်တော်များများ ပါဝင် သီဆိုထားတဲ့ 'တေးမြုံငှက် ၁' နဲ့ 'တေးမြုံငှက် ၂' တေးအယ်လ်ဘမ်နဲ့ တေးရေးဆရာ တဦးတည်းရဲ့ သီချင်းတွေကို စုစည်းထားတဲ့ 'ကမ္ဘာသစ် ၁' နဲ့ 'ကမ္ဘာသစ် ၂' လိုက်ဖ်ရှိုးတေးအယ်လ်ဘမ် တို့ကို ပြီးခဲ့တဲ့ နှစ်တွေထဲမှာ ထွက်ရှိခဲ့ပြီး မောင်သစ်မင်း၏ ကျော်ကြားသော သီချင်းတော်တော်များများလည်း ပါဝင်ခဲ့ပါတယ်။
တေးရေးဆရာ မောင်သစ်မင်း ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး တေးရေးသုခမိန်လှိုင်က အခုလို့ အမှတ်တရ စကားပြောပါတယ်။
“ဧရာဝတီမြစ်ကြီးကတော့ ဆက်စီးနေမယ်၊ တယောက်ပြီး တယောက်ကို ဆက်ပြီး ထားနေဦးမှာပဲ၊ ဒါပေမယ့် ဦးတို့ အခု ရောက်တဲ့အသက်နဲ့ ဖြတ်သန်းလာရတဲ့ နှစ်တွေအရ ဧရာဝတီမြစ်ကြီးက ကိုယ့်ကို ထားမသွားခင် အသက်ရှိနေသေးတဲ့သူတွေပေါ့၊ အနုပညာရှင်တွေက အလေးအပေါ့သာ ကွာချင်ကွာမယ် ခေါင်းထဲမှာတော့ ရှိမှာပဲ၊ ကိုယ်အားမရဘူး၊ မကျေနပ်ဘူးဆိုရင်တောင်မှ ကိုယ်လုပ်နိုင်သလောက် လုပ်ခဲ့ကြဖို့ ဒါပဲ ခေါင်းထဲမှာ ရောက်လာပါတယ်။
“ခေါင်းထဲမှာ ပထမဆုံး ရောက်လာတဲ့ သီချင်းကတော့ တယောက်ထဲလား မေးတော့ ကိုယ်တယောက်ထဲပါ ဆိုတော့ လောလောဆယ်တော့ သူတယောက်တည်းပဲ သွားရပြီလို့ တွေးရပြီပေါ့။ ဒါပေမယ့် နားလည်ခံစားရတာက သူက တယောက်တည်း မဟုတ်ဘူး၊ အများအတွက် လုပ်တဲ့သူတွေက ဘယ်တော့မှ တယောက်တည်း သွားရတာမျိုး မဟုတ်ဘူးဆိုတာ စိတ်ထဲမှာ ရသွားတယ်လေ။ တကယ်တမ်း မောင်သစ်မင်းဆိုတာ ကဗျာဆရာ၊ စာရေးဆရာ၊ သီချင်းရေး ဆရာပေါ့၊ မောင်သစ်မင်း စတာက ကဗျာဆရာနဲ့ စတာပဲလေ။”
မောင်သစ်မင်းဟာ ဇွန်လ ၆ ရက်နေ့မှာ အသက် ၅၈ နှစ်ပြည့်မှာ ဖြစ်တဲ့အတွက် မွေးနေ့မတိုင်ခင် တရက်အလိုမှာ ကွယ်လွန်သွားတာလည်း ဖြစ်ပါတယ်။