A d v e r t i s e m e n t With Us

စစ်အတွင်း ဂျပန်လုပ်ရပ်အတွက် နောင်တရကြောင်း ထုတ်ပြန်သင့်ဟု တရုတ် ပြော

ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး။ (ဓာတ်ပုံ - ရိုက်တာ)
ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံရဲ့ လုပ်ရပ်တွေအတွက် ၀န်ကြီးချုပ်က နောင်တရ ၀မ်းနည်းကြောင်း တရားဝင်ထုတ်ပြန်သင့်ပြီး မဟုတ်ရင် စစ်အတွင်း ခံစားခဲ့ရသူတွေအတွက် ပိုပြီး နာကြည်းစရာ ဖြစ်လာမယ်လို့ ဇူလိုင် ၂၃ ရက်နေ့က သတိပေးပြောဆိုလိုက်ပါတယ်။ စစ်အတွင်း ဖက်ဆစ်ဂျပန်တွေရဲ့ မတရားလုပ်ရပ်တွေနဲ့ ရန်လိုမှုတွေကို တဘက်နဲ့တဘက် အပြန်အလှန် ပြန်ဖော်၊ ပြန်စွပ်စွဲနေခဲ့ကြတာကြောင့် တရုတ်နဲ့ ဂျပန်ဆက်ဆံရေးဟာ နှစ်ပေါင်းများစွာ တင်းမာ ရန်စောင်လာခဲ့ကြတာပါ။ ပြီးခဲ့တဲ့နှစ်က တရုတ်သမ္မတနဲ့ ဂျပန်ဝန်ကြီးချုပ်တို့ ၂ ဦး ထိပ်သီးတွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေး တစုံတရာ တိုးတက်ကောင်းမွန်လာပါတယ်။ အခုနှစ်ထဲမှာလည်း ခေါင်းဆောင် ၂ ဦး နောက်တကြိမ် ထပ်မံတွေ့ဆုံဖို့ ရှိတယ်လို့ ဂျပန်အစိုးရ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံကတော့ လာမယ့်လ ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်း အနှစ် ၇၀ ပြည့် နှစ်ပတ်လည်မတိုင်ခင် ဂျပန်ဝန်ကြီးချုပ်ကိုယ်တိုင် ဂျပန်နိုင်ငံရဲ့ ၀မ်းနည်းမှုကို တရားဝင် ထုတ်ပြန်စေချင်တာပါ။ ၁၉၉၅ ခုနှစ်က ဂျပန်ဝန်ကြီးချုပ် တိုမီချီ မူရာယာမာက စစ်အတွင်း ဂျပန်နိုင်ငံရဲ့ လုပ်ရပ်တွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ၊ ထိခိုက်နစ်နာမှုတွေ၊ သေဆုံးမှုတွေအတွက် အထူးဝမ်းနည်းကြေကွဲကြောင်း လှိုက်လှိုက်လှဲလှဲ တောင်းပန်ခဲ့ဖူးပါတယ်။ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးကတော့ ဒီလုပ်ရပ်တွေအတွက် တရားဝင် ၀မ်းနည်းကြောင်း ထုတ်ပြန်မယ်လို့ အကြိမ်ကြိမ်ကတိပေးထားပေမယ့် တောင်းပန်တာတော့ မလုပ်ဘူးလို့ ပြောဆိုထားတာပါ။ ကျိုတိုသတင်းဌာနက ကောက်ခံတဲ့ လူထုစစ်တမ်းတွေမှာတော့ ဖြေကြားခဲ့တဲ့ ဂျပန်နိုင်ငံသားတွေရဲ့ ၆၇ ရာခိုင်နှုန်းက ၀န်ကြီးချုပ်ကို တရားဝင်တောင်းပန်သင့်တယ်လို့ ထင်မြင်ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up