A d v e r t i s e m e n t With Us

အညတရ သူရဲကောင်း ဂုဏ်ပြုပွဲအခမ်းအနား ပြုလုပ်

အညတရ သူရဲ​ကောင်း​ ဂုဏ်ပြုပွဲအခမ်း​အနား​ကို ဂျန်ပန်နိုင်ငံ တိုကျိုမြို့​မှာ ဇွန် ၅ ရက်​နေ့​က​ ပြုလုပ်ပါတယ်။ ဂျပန်စံ​တော်ချိန် ​နေ့​ခင်း​ ၁ နာရီက​နေ ၅ နာရီအတွင်း​ ကျင်း​ပတဲ့​ ဂုဏ်ပြုပွဲ အခမ်း​အနား​မှာ ကဗျာရွတ်ဆိုမှုနဲ့​ ဂုဏ်ပြု​ဟောပွဲ​တွေ ပြုလုပ်ခဲ့​ပါတယ်။ ဂုဏ်ပြုပွဲ အခမ်း​အနား​ကျင်း​ပတာနဲ့​ ပတ်သက်ပြီး​ အညတရ သူရဲ​ကောင်း​ဆုချီး​မြှင့်​ရေး​ စတင်လှုပ်​ဆော်သူ ကိုမင်း​ထက်​ဇော်က အခုလို ​ပြောပါတယ်။ “ဒီအခမ်း​အနား​ကျင်း​ပရတဲ့​ ရည်ရွယ်ချက်က​တော့​ ဆုရတဲ့​ အညတရသူရဲ​ကောင်း​တွေကို ဂုဏ်ပြုချင်တာ​ရော၊​ မြန်မာနိုင်ငံတလွှား​အကျဉ်း​ထောင်အသီး​သီး​မှာရှိတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေနဲ့​ သူရဲ​ကောင်း​တွေရဲ့​ တိုင်း​ပြည်နဲ့​လူမျိုး​အ​ပေါ်ထား​တဲ့​ စိတ်ဓာတ်နဲ့​ ​စေတနာကို အများ​ပိုမိုသိရှိ​အောင်ရယ် ​နောက်အညတရ သူရဲ​ကောင်း​ဆု ချီး​မြှင့်​ရေး​လုပ်ငန်း​စဉ်မှာ မြန်မာနိုင်ငံသူ နိုင်ငံသား​အား​လုံး​ ပိုမိုပူး​ပေါင်း​ ပါဝင်လာ​စေဖို့​ ကျင်း​ပတာဖြစ်ပါတယ်။ ကျန်​နော်တို့​က ကူညီခဲ့​တဲ့​သူ​တွေကိုလည်း​ ဂုဏ်ပြူသဝဏ်လွှာ ပြန်​ပေး​ပါတယ်။” အညတရ သူရဲ​ခေါင်း​ဆုကို ပြီး​ခဲ့​တဲ့​ မြန်မာနှစ်ဆန်း​တရက် ဧပြီလ ၁၇ ရက်​နေ့​က အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ရုံး​ချုပ်မှာ ပြုလုပ်တဲ့​ သက်ကြီး​ပူ​ဇော်ပွဲအတွင်း​ ​ကြေညာ​ပေး​အပ်ပြီး​ဖြစ်ပါတယ်။ အဖွဲ့​ချုပ်​ခေါင်း​ဆောင် ဦး​ဝင်း​တင် ဦး​ဆောင်တဲ့​ ဆု​ရွေး​ချယ်​ရေး​အဖွဲ့​က လက်ရှိအကျဉ်း​ကျ​နေတဲ့​ နိုင်ငံ ​ရေး​အကျဉ်း​သား​ ၃ ဦး​ကို ​ရွေး​ချယ်ခဲ့​ပါတယ်။ သူတို့​တွေက​တော့​ ၂၀၀၇ ​ရွေဝါ​ရောင်​တော်လှန်​ရေး​ အတွင်း​ ဦး​ဆောင်ခဲ့​တဲ့​ မဂ္ဂင်​ကျောင်း​တိုက်ဆရာ​တော် ဦး​အိန္ဒက (ဦး​အောင်သန်း​မြင့်​)၊​ ​ထောင်ဒဏ်အကြိမ်ကြိမ်ကျခံ ​နေရတဲ့​ ဦး​ခင်ဝင်း​ (ဘိုး​တော်ခင်ဝင်း​)နဲ့​ HIV/AIDS ​ဝေဒနာသည်​တွေကို ကူညီ​ပေး​ခဲ့​သူ ဦး​သန်း​နိုင်တို့​ကို အညတရ သူရဲ​ကောင်း​များ​အဖြစ် ​ရွေး​ချယ်ခဲ့​ပါတယ်။ အဆိုပါ အညတရ သူရဲ​ကောင်း​ ၃ ဦး​ လုံး​ဟာ အကျဉ်း​ ​ထောင်အကြိမ်ကြိမ်ကျခံရသူ​တွေဖြစ်ပြီး​ အခုလည်း​ အကျဉ်း​ထောင်အသီး​သီး​မှာ နှစ်ရှည်​ထောင်ဒဏ် ကျခံ​နေရသူ​တွေဖြစ်ပါတယ်။ ဆုအဖြစ် ကျပ်​ငွေ ၁၀ သိန်း​ကို ​ပေး​အပ်ချီး​မြှင့်​ခဲ့​ပါတယ်။ ဒီအညတရ သူရဲ​ကောင်း​ သုံး​ဦး​ဟာ လူထုအတွက် ဘဝ​တွေ ​ပေး​အပ် လုပ်​ဆောင်သူ ​တွေဖြစ်​ပေမယ့်​ လူသိထင်ရှား​တဲ့​သူ​တွေမဟုတ်တာ​ကြောင့်​ ဒီဆုကို ​ပေး​အပ်တာလို့​ ဆုချီး​မြှင့်​ရေး​အဖွဲ့​က ​ပြောပါတယ်။ ဆုရသူကို ဂုဏ်ပြုတဲ့​တဲ့​အခမ်း​အနား​အတွင်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က မိန့်​ခွန်း​ပေး​ပို့​ ​ပြောဆိုရာမှာ အညတရ သူရဲ​ခေါင်း​တွေကို အခုလို ဂုဏ်ပြု​ပြောဆိုပါတယ်။ “အညတရသူရဲ​ကောင်း​ဆိုတဲ့​ အ​ခေါ်အ​ဝေါ်နဲ့​ပတ်သက်လို့​ စကား​လေး​ နည်း​နည်း​ ​ပြောချင်ပါတယ်။ အညတရဆိုတာ ကျမ နား​လည်သ​လောက်​တော့​ သာမာန်ဆိုတဲ့​ အဓိပ္ပာယ်ရှိ ပါတယ်။ ကျမရဲ့​အထင်အမြင်မှာ​တော့​ ဒီလို ကိုယ့်​ရဲ့​ ယုံကြည်ချက်အတွက်၊​ ကိုယ့်​နိုင်ငံအတွက်၊​ ကိုယ့်​လူမျိုး​အတွက် အဖမ်း​ဆီး​ခံပြီး​တော့​ အနစ်နာခံတဲ့​လူ​တွေကို အညတရ သာမန်လို့​တော့​ ​ပြောလို့​ မရဘူး​လို့​ ထင်ပါတယ်။ အင်္ဂလိပ်လိုဆိုလို့​ရှိရင် ဒီလို သူရဲ​ကောင်း​တွေကို Unknow - လူမသိသူမသိ၊​ Unname - နာမည်မရှိနာမည် မထွက် ဆိုပြီး​တော့​ ​ခေါ်တာကို ကျမပိုပြီး​တော့​ သ​ဘောကျပါတယ်။ ကျမတို့​ရဲ့​သူရဲ​ကောင်း​တွေဟာ တ​ယောက်မှ သာမန်လူ​တွေ မဟုတ်ပါဘူး​။ သာမန်ထက် ပိုပြီး​တော့​ သတ္တိရှိလို့​ ဒီလိုအလုပ်မျိုး​လုပ်ပြီး​တော့​ ဒီလိုခံ​နေရတာဖြစ်ပါတယ်။ ဒါ​ကြောင့်​မို့​ ကျမတို့​ရဲ့​ အသုံး​အနှုန်း​အရ အညတရဆိုတာက​တော့​ သုံး​လေ့​သုံး​ထား​ရှိတာ ဆို​ပေမယ့်​လည်း​ အညတရရယ်လို့​ ကျမ သူတို့​ကို မမြင်ပါဘူး​။ အင်မတန်မှ ထူး​ခြား​တဲ့​သူ​တွေ၊​ နာမည်မ​ပေါ်​ပေမယ့်​လည်း​၊​ နာမည်မထွက်​ပေမယ့်​လည်း​ ထူး​ခြား​တဲ့​သတ္တိနဲ့​ ကိုယ်ယုံကြည်ရာကို လုပ်​နေတဲ့​သူ​တွေကို ကျမ မြင်ပါတယ်။ အဲဒီလိုပဲ ကျမတို့​နိုင်ငံက​ကော ကမ္ဘာက​ကော မြင်​စေချင်ပ်ါတယ်။ ဒီလိုမြင်မယ်လို့​ လည်း​ ကျမ ​မျော်လင့်​ပါတယ်။” အညတရသူရဲ​ကောင်း​ဆုချီး​မြှင့်​တာဟာ ပမဆုံး​အကြိမ်ဖြစ်​ပေမယ့်​ လာမယ့်​နှစ် အတွက် ချီး​မြှင့်​ဖို့​ ပြင်ဆင်​နေပြီဖြစ်ပါတယ်။ လာမယ့်​နှစ်မှာ​တော့​ အနည်း​ဆုံး​ အညတရသူရဲ​ခေါင်း​ ၅ ဦး​ကို ​ရွေး​ချယ်ချီး​မြှင့်​မယ်လို့​ ဆုချီး​မြှင့်​ရေး​ စတင်လှုံ့​ဆော်သူ ကိုမင်း​ထက်​ဇော်က ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up