A d v e r t i s e m e n t With Us

ကင်ဆာရောဂါသည်များ စရိတ်သက်သာစွာ ကုသနိုင်ရေး အကြံပြုချက်ဖိတ်ခေါ်

ဓာတ်ပုံ - therakyatpost
အမေရိကန်နိုင်ငံ၊ ဆေးဝါးဗေဒနဲ့ သွေးရောဂါကု ပညာရှင်များအဖွဲ့က ကင်ဆာသုတေသန ပညာရှင် ၁၁၈ ဦးဟာ ကင်ဆာရောဂါကု ဆေးဝါးစရိတ် လျှော့ချနိုင်ရေး၊ ကင်ဆာရောဂါ ဝေဒနာသည်တွေ မျှတတဲ့ တန်ဖိုးနဲ့ ဆေးဝါးကုသနိုင်ရေး အကြံပြုချက်တွေ ဖိတ်ခေါ်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ အမေရိကန်နိုင်ငံ၊ မေယိုဆေးခန်း ဆရာဝန်များအဖွဲ့က သွေးရောဂါကုပညာရှင် ဒေါက်တာ အေရလူး တက်ဖရီက “ခုချိန်ဟာ လူနာတွေနဲ့ သူတို့ရဲ့ ဆရာဝန်တွေအတွက် ပြောင်းလဲမှုတွေ လုပ်ရမယ့်အချိန်ပါ” လို့ ပြောပါတယ်။ ကင်ဆာရောဂါဝေဒနာသည် တဦးအတွက် တနှစ်တာ ဆေးဝါးစရိတ်ဟာ အမေရိကန်ဒေါ်လာ ၁ သိန်း ၂ သောင်း ကုန်ကျမှာဖြစ်ပြီး ကနဦးကုသမှု အဆင့်တဆင့်အတွက် အမေရိကန်ဒေါ်လာ ၃ သောင်း ပေးရမှာဖြစ်တဲ့အတွက် နိုင်ငံရဲ့ ပျမ်းမျှအိမ်ထောင်စုဝင်ငွေ ၅ သောင်း ၂ ထောင်ရဲ့ ထက်ဝက်ကျော် ပိုများနေတယ်လို့ သူကဆိုပါတယ်။ အကြံပြုချက် အဆိုပြုလွှာတွေဟာ ကင်ဆာရောဂါကုသမှုကို မျှတတဲ့တန်ဖိုးနဲ့ ကုသနိုင်ဖို့ လိုအပ်တဲ့ အသိပညာ မြှင့်တင်နိုင်ဖို့ ကင်ဆာရောဂါကု ပညာရှင်တွေရဲ့ အားထုတ်မှုဖြစ်တယ်လို့ သတင်းကဆိုပါတယ်။ အဲဒီဆေးဝါးဗေဒနဲ့ သွေးရောဂါကု ပညာရှင်များအဖွဲ့ဟာ နိုင်ငံရဲ့ ဥပဒေပြုသူတွေကို  သက်ကြီးရွယ်အိုတွေအတွက် အစိုးရ အာမခံအစီအစဉ်တွေ လုပ်ဆောင်ပေးနိုင်ဖို့နဲ့  ရောဂါကုဆေးဝါးဈေးနှုန်းတွေကို ညှိနှိုင်းပေးနိုင်ဖို့ ခွင်ြ့ပုစေလိုတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ကင်ဆာရောဂါ ဆေးဝါးတွေကို ကနေဒါလို နိုင်ငံကနေ ဈေးနှုန်းသက်သာစွာ တင်သွင်းနိုင်ဖို့နဲ့ ဆေးဝါးကုမ္ပဏီတွေရဲ့ လက်ရှိဈေးနှုန်းတွေကို မူပိုင်ပုံသေဆေးဝါးဈေးနှုန်းကို ပြောင်းလဲပေးနိုင်ဖို့ အစိုးရကို အဲဒီအဖွဲ့က တောင်းဆိုချင်တာဖြစ်ပါတယ်။ ဒေါက်တာ အေရလူးတက်ဖရီက “ဒီလှုပ်ရှားမှုဟာ ဆေးဝါးကုမ္ပဏီတွေကို ထိခိုက်စေလိုတာ မဟုတ်ပါဘူး။ သင့်တင့်တဲ့ အမြတ်ငွေနဲ့ ရောင်းချနိုင်ဖို့ ရည်ရွယ်တာပါ။ လူနာတွေက ရောဂါဝေဒနာတွေ ခံစားနေရပါတယ်။ ကျနော်တို့ ဒါကို အဖြေရှာနိုင်ဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up