အဆိုးတကာ့အဆိုးဆုံး ၁၀ နိုင်ငံတွင် မြန်မာပါဝင်
DVB
·
June 3, 2011
ကမ္ဘာပေါ်က အဆိုးတကာ့အဆိုးဆုံး နိုင်ငံများစာရင်းမှာ မြန်မာ၊ မြောက်ကိုရီးယားနဲ့ လစ်ဗျားနိုင်ငံတို့ ပါဝင်တယ်လို့ ကမ္ဘာတလွှားလွတ်လပ်မှုအကြောင်း သုတေသနပြုတဲ့ Freedom House အဖွဲ့က ဆိုပါတယ်။
ဖိနှိပ်မှုဆိုးဆိုးရွားရွားခံနေရတဲ့ တခြား ဘဝတူပြည်သူတွေကတော့ အာရှက တရုတ်လက်အောက်ခံ တိဘက်၊ အာဖရိက အီကွေတိုးရီးယားဂီနီ၊ အီရီထရီးယား၊ ဆိုမားလီးယား၊ ဆူဒမ်၊ အရှေ့အလယ်ပိုင်းက ဥဇဘက်ကစ္စတန်က ပြည်သူတွေ ဖြစ်တယ်လို့ အမေရိကန်အခြေစိုက် အဲဒီသုတေသနအဖွဲ့ရဲ့ ဇွန်လ ၁ ရက်နေ့ ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီ ၁၀ နိုင်ငံက ပြည်သူတွေရဲ့ နိုင်ငံရေးလွတ်လပ်မှု၊ အရပ်သားအခွင့်အရေး အခြေအနေဟာ ဖရီးဒမ်းဟောက်အဖွဲ့ရဲ့ အနိမ့်ဆုံးအဆင့်သတ်မှတ်ချက်ဖြစ်တဲ့ အဆင့် ၇ ဖြစ်တယ်လို့ဆိုပါတယ်။
လူတွေရဲ့ နေ့စဉ်ဘဝတွေကို အစိုးရက ထိန်းချုပ်ထားပြီး နိုင်ငံရေး အတိုက်အခံတွေကို ပိတ်ပင်တာ၊ သို့မဟုတ် ဖိနှိပ်ထားတာက အစ၊ လူတွေရဲ့ လွတ်လပ်စွာ တွေးခေါ်ခွင့်အဆုံး၊ အစစအရာရာမှာ အကြောက်တရားနဲ့ ထိန်းချုပ် ထားတယ်လို့ ဆိုပါတယ်။
ဒီအစီရင်ခံစာဟာ Freedom House မလွတ်လပ်တဲ့ နိုင်ငံတွေအကြောင်း အထူးအစီရင်ခံစာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က အခြေအနေတွေအပေါ် သုံးသပ်ထားတာ ဖြစ်ပါတယ်။
မြန်မာပြည်နဲ့ပတ်သက်လို့ အသေးစိတ် အစီခံချက်မှာတော့ ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲလုပ်ခဲ့ပြီး လွှတ်တော်တွေ၊ သမ္မတတွေ ပေါ်ခဲ့ပေမယ့်လည်း ၂၀၀၈ ဖွဲ့စည်းပုံအရ နေရာတကာမှာ စစ်တပ်က ဆက်လက်ကြီးစိုးထားပြီး ပြည်ထောင်စု ပြိုကွဲမယ်လို့ သူတို့ဘာသာ ယူဆတဲ့အချိန်မှာ စစ်တပ်ကို အာဏာသိမ်းခွင့် ပြုထားတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တရားဥပဒေမဏ္ဍိုင် မလွတ်လပ်တာ၊ မီဒီယာလွတ်လပ်ခွင့်မရှိတာ၊ သတင်းထောက်တွေကို ထောင်ချထားတာ၊ တိုင်းရင်းသားဒေသတွေမှာလည်း စစ်တပ်ဟာ တရားလက်လွတ် ဖမ်းဆီးတာ၊ ရိုက်နှက်၊ မုဒိမ်းကျင့်၊ သတ်ပစ်တာတွေကိုလည်း ဖော်ပြထားပါတယ်။