ဘိုလီးဗီးယား သတ္တုတွင်းလုပ်သားများ ဒိုင်းနမိုက်ကိုင်ပြီး ပြည်ထဲရေးကို ၀င်စီး (ရုပ်သံ)

သတ္တုတွင်း အလုပ်သမား ခေါင်းဆောင်တွေနဲ့ အစိုးရကြား ဆွေးနွေးပွဲတွေ မအောင်မမြင် ဖြစ်အပြီး ဆန္ဒပြနေတဲ့ ဘိုလီးဗီးယား သတ္တုတွင်းလုပ်သားတွေဟာ မြို့တော် လာပဲ့ဇ်မှာ ဒိုင်းနမိုက်တွေကို ကိုင်ဆောင်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနကို ဇူလိုင် ၂၂ ရက်နေ့က စီးနင်းခဲ့ကြပါတယ်။
ဒိုင်းနမိုက်တွေ ခဲတွေကို ကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေက မျက်ရည်ယိုဓာတ်ငွေ့တွေ၊ ရာဘာကျည်ဆန်တွေ ကိုင်ဆောင်ထားတဲ့ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာပါ။
အစောပိုင်းကတော့ ပိုတိုစီ အရပ်ဘက်ကော်မတီနဲ့ အစိုးရကိုယ်စားလှယ်တွေ တွေ့ဆုံနေတဲ့ ပြည်ထဲရေး ဝန်ကြီးဌာနဆီကို တွင်းသား အယောက် ၁၅၀၀ နဲ့အတူ တခြား ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက ငြိမ်းငြိမ်းချမ်းချမ်း ချီတက်ခဲ့ကြတာပါ။
ဒါပေမယ့် ပိုတိုစီ အရပ်ဘက် ကော်မတီ ကိုယ်စားလှယ်က သူတို့ တောင်းဆိုချက်တွေနဲ့ အစိုးရအဆိုပြုချက် မကိုက်ညီဘူလို့ ပြောအပြီး ဆွေးနွေးပွဲက အဆုံးသတ်ခဲ့ပါတယ်။
ဆန္ဒပြတွင်းသားတွေက အစိုးရကို အပြစ်တင်ပြီး သမ္မတဟာ ပိုတိုစီတောင်ပိုင်းက ဆင်းရဲသားတွေကို လျစ်လျူရှုထားတယ်လို့ ပြောပါတယ်။
အစိုးရရဲ့ ၂၆ ချက် စီမံကိန်း အစိတ်အပိုင်းအနေနဲ့ ပိုတိုစီ ဒေသအတွင်း ဆေးရုံတွေ၊ လမ်းတွေနဲ့ နိုင်ငံတကာလေဆိပ် တည်ဆောက်ပေးဖို့ ဘိုလီးဗီးယားနိုင်ငံ တောင်ပိုင်းသားတွေ ဆန္ဒပြနေတာ သီတင်းပတ်ချီ ကြာနေပါပြီ။
သတ္တုသယံဇာတတွေကြောင့် နာမည်ကျော်ကြားတဲ့ ပိုတိုစီ ကျေးလက်ဒေသဟာ ဖွံ့ဖြိုး တိုးတက်မှု ကင်းမဲ့နေပြီး ဆင်းရဲမွဲတေမှုနှုန်း မြင့်တာနဲ့ စားနပ်ရိက္ခာ၊ ဆေးဝါး ပြတ်လပ်တာကို ခံစားနေရတာပါ။
ရုန်းရင်းဆန်ခတ်မှုကြောင့် ပြည်ထဲရေးဝန်ကြီးဌာနအနားက ဂျာမန်သံရုံးမြေပြင်မှာ မီးလောင်ခဲ့လို့ မီးသတ်သမားတွေက လာရောက် မီးငြှိမ်းသတ်ခဲ့ရပါတယ်။
အဆောက်အဦထဲက ဝန်ကြီးတွေကိုတော့ ဘေးကင်းကင်း ကယ်ထုတ်နိုင်ခဲ့ပေမယ့် သူတို့ကား ၂ စီးကတော့ ဒိုင်းနမိုက်နဲ့ ဖျက်ဆီးခံခဲ့ရပါတယ်။
အတည်မပြုနိုင်သေးတဲ့ ထိခိုက်ဒဏ်ရာရမှု အစီရင်ခံစာတွေ ရှိပေမယ့် လူဘယ်နှယောက် ဒဏ်ရာရတယ်ဆိုတာတော့ မသိရသေးပါဘူး။ သတ္တုတွင်းလုပ်သားတွေကတော့ အစိုးရကို ဆက်ဖိအားပေးမှာ ဖြစ်ပြီး ဆန္ဒပြပွဲတွေ ဆက်လုပ်မယ်လို့ ပြောပါတယ်။
အယ်လ်အော်တိုမြို့က အုပ်စုတွေ အပါအဝင် တခြားအုပ်စုတွေကလည်း အစိုးရက ပိုတိုစီ အရေးကို မဖြေရှင်းပေးရင် သူတို့လည်း တွင်းသားတွေနဲ့ ပူးပေါင်း ဆန္ဒပြမယ်လို့ ပြောပါတယ်။
ဘိုလီးဗီးယားနိုင်ငံတွင်း သတ္တုတွင်း ကော်ပိုရေးရှင်းတွေ ၂၀ ရာခိုင်နှုန်းလောက်ဟာ သတ္တုဈေး ကျဆင်းမှုကြောင့် အရှုံးနဲ့ လုပ်ငန်းလည်ပတ်နေရတာပါ။
ဒါကြောင့် ပိုတိုစီ ဒေသအတွင်း လုပ်ငန်းစီမံကိန်းဆိုင်ရာ ဥပဒေတွေ ပြဋ္ဌာန်းပေးဖို့ ပျက်ကွက်ခဲ့တဲ့ အစိုးရအပေါ် ဒေါသထွက်နေကြပါတယ်။