A d v e r t i s e m e n t With Us

တူရကီ အသေခံဗုံးခွဲသူ တက္ကသိုလ်ကျောင်းသားဖြစ်ဟု အာဏာပိုင်များပြော

ဓာတ်ပုံ - ရိုက်တာ
ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့က တူရကီနိုင်ငံ အရှေ့တောင်ပိုင်းက ဆူရုစ် (Suruc) မြို့မှာ အသေခံ ဗုံးခွဲခဲ့သူဟာ အသက် ၂၀ အရွယ် တူရကီ တက္ကသိုလ်ကျောင်းသားတဦး ဖြစ်တယ်လို့ တူရကီ အာဏာပိုင်တွေက ဇူလိုင် ၂၂ ရက်နေ့မှာ အတည်ပြုပါတယ်။ နိုင်ငံအရှေ့တောင်ပိုင်းက ကာ့ဒ်လူမျိုးတွေ အများစု နေထိုင်တဲ့ အဒီရာမန်ပြည်နယ်က ဒေသခံ ကာ့ဒ်အမျိုးသားတဦး ဖြစ်ပြီး အိုင်အက်စ်အကြမ်းဖက်တွေနဲ့ ပတ်သက်နိုင်တယ်လို့ တူရကီ အာဏာပိုင်တွေက ဆိုပါတယ်။ အဲဒီအသေခံ ဗုံးဖောက်ခွဲမှုမှာ တူရကီ ကာ့ဒ်ကျောင်းသားလူငယ်အရွယ် ၃၂ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့သူတွေဟာ အိုင်အက်စ်အကြမ်းဖက်တွေနဲ့ ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့တွေ အပြင်းအထန် တိုက်ခိုက်ခဲ့ကြတဲ့ ကိုဘာနီမြို့ ပြန်လည်ထူထောင်ရေး လူထုလှုပ်ရှားမှုတခုကို လုပ်နေချိန်မှာ တိုက်ခိုက်ခံရတာပါ။ အိုင်အက်စ် အကြမ်းဖက်စစ်ဆင်ရေး ဆင်နွှဲနေတဲ့ ကာ့ဒ်တပ်ဖွဲ့တွေကို တူရကီအစိုးရက  အားပေးကူညီမှု မရှိဘူးလို့ တူရကီပြည်သူအများအပြားက ထင်မြင်ကြပါတယ်။ အသေခံဗုံးကွဲခဲ့ပြီး နောက်တရက် ဇူလိုင် ၂၁ ရက်နေ့မှာတော့ တူရကီနိုင်ငံတ၀န်းမှာ အဲဒီ ဗုံးပေါက်ကွဲမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး တူရကီအစိုးရရဲ့ ဆီးရီးယားနိုင်ငံအပေါ် မူဝါဒတွေကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။ အသေခံ ဗုံးဖောက်ခွဲခဲ့သူ ကာ့ဒ်လူငယ်ကို ဒီအန်အေနဲ့ စစ်ဆေးဖော်ထုတ်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၆ လက အစ်ကိုဖြစ်သူနဲ့ ပြည်ပထွက်သွားခဲ့တယ်လို့ သူ့ရဲ့မိခင်က ပြောပါတယ်။ အမည်မဖော်လိုတဲ့ တူရကီအရာရှိတဦးကလည်း သူဟာ ပြီးခဲ့တဲ့နှစ်က အိုင်အက်စ်တွေနဲ့ အဆက်အသွယ်ရှိတဲ့ သူပုန်တပ်ဖွဲ့တဖွဲ့ရဲ့ အကူအညီနဲ့ ဆီးရီးယားနိုင်ငံထဲကို သွားရောက်ခဲ့ကြောင်း ယုံကြည်ရတယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up