သြစတြေးလျရှိ တရုတ်ကောင်စစ်ဝန်ရုံးကို တိဘက် လှုပ်ရှားသူများ ဆန္ဒပြ

ဓာတ်ပုံ - ရိုက်တာ
သြစတြေးလျနိုင်ငံ မြို့တော် ဆစ်ဒနီက တိဘက်လူမှုအဖွဲ့အစည်းဝင် အယောက် ၅၀ လောက် သြစတြေးလျနိုင်ငံဆိုင်ရာ တရုတ်ကောင်စစ်ဝန်ရုံးထဲ အတင်းဝင်ရောက် ဆန္ဒပြခဲ့တဲ့အတွက် တိဘက်လူမျိုး ၈ ဦး ဇူလိုင် ၂၂ ရက်နေ့က ဖမ်းဆီးခံရပါတယ်။ ပြီးခဲ့တဲ့တပတ်က တရုတ်အစိုးရက ထောင်ဒဏ်တသက်ချထားတဲ့ တိဘက်ဘုန်းတော်ကြီး သေဆုံးခဲ့မှုကို မကျေနပ်လို့ တရုတ်ကောင်စစ်ဝန်ရုံး အပြင်မှာ ဆန္ဒပြနေကြတာပါ။ ကုန်ကားတစီးက ကောင်စစ်ဝန်ရုံးထဲဝင်ဖို့ တံခါးအဖွင့်မှာ ဆန္ဒပြသူတွေက သံရုံးထဲ အတင်းပြေးဝင်ခဲ့ကြပြီး တရုတ်နိုင်ငံတော်အလံကို ဆွဲချခဲ့ကြပါတယ်။ ပြီးခဲ့တဲ့တပတ်က ကွယ်လွန်သွားခဲ့တဲ့ အသက် ၆၅ နှစ်အရွယ် တိဘက်ဘုန်းတော်ကြီး တန်းကျင်း ဒယ်လဲ့ ရင်းပိုချေ (Tenzin Delek Rinpoche) ဟာ စီချွန်းပြည်နယ် ဗုံးခွဲတိုက်ခိုက်မှု ၅ ကြိမ်ကို ကြိုးကိုင်သူလို့ စွပ်စွဲ ရုံးတင်ခဲ့ပြီး ၂၀၀၃ ခုနှစ်က သေဒဏ်ချမှတ်ခံခဲ့ရပြီး နောက်ပိုင်း ထောင်ဒဏ်တသက် လျော့ပေါ့ပေးခဲ့တာလည်း ဖြစ်ပါတယ်။ တိဘက်မိန်းကလေးတယောက်ကတော့ “တိဘက်ပြည်သူတွေအပေါ် တရုတ်အစိုးရရဲ့ ဖိနှိပ်မှုတွေနဲ့ နှိပ်ကွပ်မှုတွေကို မခံမရပ်နိုင်လွန်းလို့ သံရုံးထဲအထိ ၀င်ရောက်ဖြစ်သွားတာပါ။ တရုတ်အစိုးရ လုပ်ရပ်တွေဟာ မှားတယ်ဆိုတာကို တရုတ်အစိုးရ၊ အထူးသဖြင့် တရုတ်ကောင်စစ်ဝန်ကို သိစေချင်တာပါ” လို့ ပြောပါတယ်။ တရုတ်အစိုးရဟာ တိဘက်ဒေသကို သိမ်းပိုက်ခဲ့တဲ့ ၁၉၅၀ ကစပြီး အတင်းကျပ်ဆုံး အုပ်ချုပ်ခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်မှာ မအောင်မြင်တဲ့ တိဘက်လူထုအုံကြွမှုကို ဦးဆောင်ခဲ့တဲ့ ဘုန်းတော်ကြီး ဒလိုင်လားမားကို ထောက်ခံအားပေးသူတွေကိုလည်း တရုတ်အစိုးရက အပြင်းအထန် နှိပ်ကွပ်အရေးယူခဲ့ပါတယ်။

//
More News
Up