Home
မြန်မာသတင်း
ဦးအောင်သောင်း စင်ကာပူနိုင်ငံ ဆေးရုံတွင် ကွယ်လွန်
နော်နိုရင်း
·
July 23, 2015
ဦးနှောက် သွေးကြောပေါက်ပြီး စင်ကာပူနိုင်ငံမှာ ဆေးကုသမှု ခံယူနေရတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းဟာ ဒီကနေ့ မနက်က စင်ကာပူနိုင်ငံဆေးရုံမှာ ကွယ်လွန်သွားပါတယ်။ မနေ့ကတည်းက ကျန်းမာရေးအခြေအနေ မကောင်းဘူးဆိုတာ သိခဲ့ရပြီး ဒီနေ့မနက်မှာ ဆုံးသွားတာလို့ ကြံ့ခိုင်ရေးပါတီရဲ့ ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောလှထွန်းက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ မနေ့ညနေကတော့ အဘက ကျန်းမာရေးအခြေအနေ သိပ်ပြီးတော့ မကောင်းဘူးဆိုတာတော့ သိတယ်။ သက်ဆိုင်တဲ့ ဆရာဝန်တွေကတော့ ၂၄ နာရီ-၄၈နာရီ အတွင်းမှာ ဆုံးသွားနိုင်တယ်ဆိုတဲ့ သတင်းရတယ်။ ဒီမနက်တော့ ကျနော်တို့ လွှတ်တော်ကို ရောက်တဲ့အချိန်မှာ  အဘ ဆုံးတယ်။ စင်ကာပူမှာပဲ ဆုံးတယ်ဆိုတဲ့ သတင်းကြားရပါတယ်။ ” ဦးအောင်သောင်းရဲ့ ရုပ်အလောင်း အခု မြန်မာပြည်ကို ပြန်ရောက် မရောက် မသိရသေးဘူးလို့ လည်းပြောပါတယ်။ ဦးအောင်သောင်းဟာ ဇူလိုင် ၈ ရက်နေ့ည ၁၁ နာရီခန့်က သတိလစ်မူးလဲခဲ့ပြီး နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရပြီးနောက် စင်ကာပူနိုင်ငံကို ဇူလိုင် ၉ ရက်နေ့မှာ သွားရောက် ဆေးကုသမှု ခံယူခဲ့တာဖြစ်ပါတယ်။ ဦးအောင်သောင်းဟာ လက်ရှိမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုအတိုင်ပင်ခံ ဖြစ်သလို ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။ သူကွယ်လွန်သွားတဲ့ပေါ်မှာ ဦးစောလှထွန်းကတော့ ပါတီအတွက် နစ်နာဆုံးရှုံးမှုဖြစ်တယ်လို့ ပြောပါတယ်။ “ဘာပဲပြောပြော အဘကတော့ သူ အရင်အသင်းဘ၀တုန်းကလည်း ပါတယ်။ အခုချိန်မှာလည်း ဗဟိုကော်မတီအနေနဲ့ ပါတီရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို လမ်းညွှန်မှုပေးခဲ့နိုင်တယ်ပေါ့။ နောက်အခု သူ့ နောက်ဆုံးအခြေအနေမှာလည်း ဗဟိုအတိုင်အပင်ခံအနေနဲ့ ရပ်တည်ပြီးတော့ ပါတီ ကိစ္စအတွက် ဆောင်ရွက်ပေးခဲ့တယ်။ အဲဒီအတွက် ပါတီအနေနဲ့ကတော့ နစ်နာမှုရှိတယ်လို့ ကျနော်တို့တော့ သုံးသပ်ပါတယ်။ အဘရဲ့ အတွေ့အကြုံတွေနဲ့ ဆောင်ရွက်ခဲ့တဲ့ လမ်းညွှန်ချက်တွေဟာ အများကြီး ကျတော်တို့ဆီမှ ကျန်ခဲ့ပါတယ်” ဦးအောင်သောင်းဟာ ၁၉၄၀ ခု ဒီဇင်ဘာလ ၁ ရက်နေ့မှာ အမိ ဒေါ်လှကြီးနဲ့ အဖ ဦးဖိုးစံကနေ တောင်သာမြို့နယ် ကျောက္ကာရွာမှာ မွေးဖွားခဲ့ပြီး ၀ိဇ္ဇာဘွဲ့နဲ့ ကျောင်းပြီးခဲ့သူ ဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်က စက်မှုဝန်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး အစိုးရ သစ်လက်ထက်မှာ ရွေးကောက်ပွဲဝင်ခဲ့တာမှာ  တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်အမတ် အဖြစ်ရွေးကောက်တင်မြှောက်ခံရသူဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၅ နှစ်ရှိပြီး သားသမီး ၄ ဦး ကျန်ရစ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024