ယူကရိန်းတွင် ၁၈ နိုင်ငံက တပ်ဖွဲ့ဝင် ၁၈၀၀ ကျော် အကြီးစား စစ်ရေးလေ့ကျင့် (ရုပ်သံ)

1.9K
ယူကရိန်းနိုင်ငံ အနောက်ပိုင်းက မြို့မှာ အနောက်နိုင်ငံတွေရဲ့ အကြီးစားကြည်းတပ် စစ်ရေးလေ့ကျင့်မှုကြီးကို အခုတပတ်တည်း စတင်ကျင်းပပါတယ်။
ဇူလိုင် ၃၁ ရက်နေ့အထိ ကျင်းပမယ့် ဒီစစ်ရေးလေ့ကျင့်မှုမှာ နိုင်ငံပေါင်း ၁၈ နိုင်ငံက တပ်ဖွဲ့ဝင် ၁၈၀၀ ကျော် ပါဝင်လေ့ကျင့်ကြပါတယ်။
အမေရိကန်နဲ့ အီးယူနိုင်ငံတွေ ဦးဆောင်တဲ့ ပူးပေါင်းစစ်ရေး လေ့ကျင့်မှုဖြစ်ပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်မှု ထိန်းသိမ်းရေး လုပ်ငန်းတွေအတွက် ရည်ရွယ်လေ့ကျင့်ကြတာ ဖြစ်ပါတယ်။
အမေရိကန်၊ နေတိုးနဲ့ ယူကရိန်းကြည်းတပ်တွေ အချင်းချင်း ပိုမိုနားလည်မှုရရှိဖို့ လေ့ကျင့်တာလို့လည်း အမေရိကန်ကြည်းတပ် တရားဝင် အင်တာနက်ဝက်ဘ်ဆိုဒ်မှာ ရေးသားပါတယ်။
ယူကရိန်းအရှေ့ပိုင်းမှာ အပစ်အခတ်ရပ်စဲထားပေမယ့် စစ်ရေးအခြေအနေက တင်းမာနေဆဲဖြစ်ပြီး ယူကရိန်းနိုင်ငံရဲ့ တောင်းဆိုမှုနဲ့ စစ်ရေးလေ့ကျင့်ကြတာလည်း ဖြစ်ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုကြီးမှာ ယူကရိန်း၊ အမေရိကန်၊ ဘယ်ဂျီယံ၊ ဘူလ်ဂေးရီးယား၊ ကနေဒါ၊ အက်စ်တိုးနီးယား၊ ဂျော်ဂျီယာ၊ ဂျာမနီ၊ ဗြိတိန်၊ လတ်ဗီးယား၊ လီသူရေးနီးယား၊ မော်လ်ဒိုဗာ၊ နော်ဝေး၊ ပိုလန်၊ ရိုမေးနီးယား၊ စပိန်၊ ဆွီဒင်နဲ့ တူရကီတို့ ပါဝင်ပါတယ်။
ရိုမေးနီးယားကြည်းတပ် တပ်စုမှူးတဦးက ယူကရိန်းအရှေ့ပိုင်းမှာ လက်တွေ့ဖြစ်နေတဲ့ အခြေအနေဟာ သူကိုယ်တိုင်အတွက်ရော၊ ပါဝင်လေ့ကျင့်ကြတဲ့ နိုင်ငံအသီးသီးက တပ်ဖွဲ့ဝင်တွေအတွက်ရော သင်ခန်းစာယူစရာဖြစ်တယ်လို့ ပြောပါတယ်။
ဇူလိုင် ၂၂ ရက်နေ့ စစ်ရေးလေ့ကျင့်မှုကတော့ ချုံခိုတိုက်နည်းနဲ့ ရှောင်ကွင်းနည်း၊ ထောင်ချောက်ဆင် တိုက်ခိုက်မှုတွေကို ဖော်ထုတ်နည်း၊ လက်ဖြောင့်တပ်သား ပစ်ခတ်မှုတွေကို ရင်ဆိုင်နည်း စတဲ့ လေ့ကျင့်မှုတွေကို လုပ်ဆောင်ခဲ့ကြတာပါ။