ဒီကေဘီအေတပ် အဝေးပြေးလမ်းပေါ်တွင် ငွေကြေးကောက်ခံ
နော်နိုရင်း
·
June 3, 2011
အဝေးပြေးလမ်းပေါ် ငွေကြေးကောက်ခံတာဟာ တော်လှန်ရေးအတွက် လိုအပ်တဲ့ အရာတွေ အသုံးပြုဖို့ ဖြစ်တယ်လို့ နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ ငြင်းဆန်ခဲ့တဲ့ ဗိုလ်မှူးချုပ် နှုတ်ခမ်းမွေး ဦးဆောင်တဲ့ ဒီကေဘီအေတပ်က ပြောဆိုလိုက်ပါတယ်။
မြဝတီ-ကော့ကရိတ်အဝေးပြေးလမ်းမပေါ်မှာ ဒီကေဘီအေ စစ်ဗျူဟာ ၁ ရဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်သက်ဦးဆောင်တဲ့ အဖွဲ့ဟာ မနေ့ နေ့ခင်းပိုင်းလောက်က မြဝတီနဲ့ ကော့ကရိတ် ကားလမ်းပေါ်က ရန်ကုတ်ရွာအနီးမှာ ခရီးသွားပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဆီက ငွေကြေးကောက်ခံခဲ့ပါတယ်။
ဒီလိုကောက်ခံတာဟာ တော်လှန်ရေးရန်ပုံငွေအတွက် ကောက်ခံတာလို့ ဒီကေဘီ စစ်ဗျူဟာ ၁ လက်အောက်ခံ အမှတ် ၉၀၇ တပ်ရင်းမှ ဒု-ရင်းမှူး ကော်ဒိုစိုးက ပြောပါတယ်။
“ကျနော်တို့ ခြိမ်းခြောက်တာတို့၊ ရိုက်တာတို့ မလုပ်ခဲ့ပါဘူး။ သူတို့ နားလည် သဘောပေါက်အောင် ပြောပြတယ်။ ပြီးတော့ ဒီငွေတွေကိုလည်း ကျနော်တို့ လိုအပ်တာ ဖြည့်တယ်၊ လက်နက်ခဲယမ်း ကျည်ဆန်တွေ ဝယ်ဖို့။ ဒါက အခြားအထောက်အကူတွေ မရလို့ ကျနော်တို့ ပြည်သူလူထုနဲ့ပဲ ပူးပေါင်းပြီးတော့ တဖက်တလမ်းကနေ ကူညီထောက်ပံ့ဖို့ သူတို့ နားလည်အောင် ကျနော်တို့ ပြောပြတာပဲ။ ကျနော်တို့ ဆက်ကြေးကောက်တာတော့ မဟုတ်ပါဘူး။ ဆက်ကြေးကောက်တယ်ဆိုတာ သူပုန်ပေါ့ဗျာ။ သူပုန်တော့ ကျနော်တို့ အဖြစ်မခံသေးပါဘူး။ ကျနော်တို့လည်း နိုင်ငံရေးသမားပါပဲ။ ကျနော်တို့ အားနဲ့ ကျနော်တို့ မလုပ်နိုင်ပါဘူး။ ပြည်သူလူထုက တနည်းတလမ်းနဲ့ ကူညီပေါ့နော် ကျနော်တို့ အဲဒါ အကူအညီတောင်းတာပါ။”
ဒီလိုကောက်ယူရာမှာ ကားတစီးကို ကျပ်ငွေတသိန်းနဲ့ ဆိုင်ကယ်တစီးကို တသောင်း ကောက်ခံတာဖြစ်ပေမယ့် ခရီးသွားပြည်သူတွေဆီကနေ မကောက်ဘူးလို့ ပြောပါတယ်။
“လူတွေ မတောင်းပါဘူး။ ကားတွေ ဆိုင်ကယ်တွေပဲတောင်းတယ်။ ဆိုင်ကယ်အသစ် ဝစ်သောက်ဘီးတွေ ကျနော်တို့တစီး တသောင်းတောင်းတယ်။ အစီးတိုင်းမရပါဘူး။ ၅ ထောင်ပေးတဲ့လူ၊ ၃ ထောင်ပေးတဲ့လူလည်း ရှိတယ်။ ကျနော်တို့ မငြင်းပယ်ပါဘူး။ ”
မြဝတီမြို့ခံ စီးပွားရေးလုပ်းရှင်တဦးကတော့ သူ့အနေနဲ့ငွေမပေးရင် ခရီးဆက်မရတာကြောင့် ပေးရတယ်လို့ ပြောပါတယ်။
“တောင်းတယ်ဆိုတာ ဆယ်ဘီး တစ်ဆယ့်နှစ်ဘီးဆိုရင် ၃ သိန်းလားမသိဘူး ပေးရတယ်။ ဟိုင်းလတ်တွေ ဘာတွေကျတော့ ၄ သောင်း ၅ သောင်း ဒီလောက်ပါပဲ။ သူတို့က ပေးမှပဲ ဒီကားတွေက သွားလို့ ရမှာကိုး။ မဟုတ်ရင် ယာဉ်ကြောပိတ်နေတာ။ ယာဉ်ကြောပိတ်နေတော့ အများနည်းတူ ပေးရတာပေါ့။”
မနေ့က ဒီလို ငွေကြေးကောက်ခံနေချိန်မှာလည်း အစိုးရတပ်ဘက်က လက်နက်ကြီးတွေနဲ့လှမ်းပစ်ခတ်မှုရှိခဲ့ပေမယ့် လူထုတွေကြား မကျရောက်ဘူးလို့ စီးပွားရေးလုပ်ငန်းရှင်က ပြောပါတယ်။
ဗိုလ်မှူးချုပ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ ဒီကေဘီအေတပ်ဖွဲ့ဝင်တွေဟာ နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ ငြင်းဆိုထားပြီး မနှစ် နိုဝင်ဘာ ရွေးကောက်ပွဲနေ့မှာ အစိုးရကို ပြန်လည်တိုက်ခိုက်မှု စတင်ပြုလုပ်ခဲ့ပါတယ်။
အဲဒီအချိန်ကတည်းကစပြီး ကရင်ပြည်နယ်အတွင်း အစိုးရတပ်နဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေအကြား အခုချိန်အထိ တိုက်ပွဲတွေ ကြိုးကြားကြိုးကြား ဖြစ်ပွားနေပါတယ်။