လိဒ်စ်နှင့် ဖရန့်ဖတ်စ်တို့ ခြေစမ်းပွဲ ပရိသတ် ခိုက်ရန်ဖြစ်ပွား (ရုပ်သံ)
အင်္ဂလန်ကလပ် လိဒ်စ်နဲ့ ဂျာမနီကလပ် ဖရန့်ဖတ်စ်တို့ ရာသီအကြို ချစ်ကြည်ရေး ခြေစမ်းပွဲအဖြစ် သြစတြီးယားနိုင်ငံမှာ ယှဉ်ပြိုင်ကစားကြရာ နှစ်ဘက်ပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့အတွက် လူ ၆ ဦး ဆေးရုံတင်ထားရပြီး ၂၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။
ဇူလိုင် ၂၁ ရက်နေ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဂျာမန်ကလပ် ဖရန့်ဖတ်စ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတဲ့ပွဲမှာ ပွဲသိမ်းခရာမှုတ်ပြီးချိန် နှစ်ဘက်ပရိသတ်တွေ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ခဲ့ကြပြီး ကိုယ်ထိလက်ရောက် ထိုးကြိတ်ကန်ကျောက်တာတွေ ဖြစ်ပွားခဲ့တာပါ။
ဖရန့်ဖတ်စ်ပရိသတ်တွေက လိဒ်စ်အသင်းအလံကို ဆွဲယူလွှင့်ပစ်ခဲ့ရာက ပြဿ နာ စတင်ခဲ့တာလို့ လိဒ်စ်ပရိသတ်တဦးက သတင်းသမားတွေကို ပြောပါတယ်။
ဒဏ်ရာရသူတွေထဲမှာ လုံခြုံရေးဝန်ထမ်း ၂ ဦးနဲ့ အင်္ဂလိပ်ပရိသတ် ၃ ဦး ပါဝင်တယ်လို့ သိရပါတယ်။
အဖမ်းခံထားရသူတွေထဲမှာ ဘယ်အသင်းက ဘယ်နှစ်ယောက်ဆိုတာတော့ သတင်းမထုတ်ပြန်သေးပါဘူး။