စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းပေးရန် နိုင်ငံရေးပါတီအချို့ တောင်းဆို
DVB
·
June 3, 2011
အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်ထားတွေကို ရုပ်သိမ်းပေးဖို့ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေက တောင်းဆိုလိုက်ပါတယ်။
မြန်မာပြည်ရောက်နေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနဲ့ ဒီနေ့ မွန်းတည့်မှာ ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေ တွေ့ဆုံဆွေးနွေးစဉ်မှာ အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
မစ္စတာ ဂျွန်မက်ကိန်းနဲ့ အန်ဒီအက်ဖ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ-မြန်မာ၊ တစည-တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ စတဲ့ ပါတီတွေအပြင် ချင်း၊ ရခိုင်၊ ကမန်၊ ကရင် စတဲ့ တိုင်းရင်းသားပါတီတွေ အပါအဝင် ပါတီတွေက ခေါင်းဆောင်တွေအပြင် ခရစ်ယာန်ဘုန်းတော်ကြီးတပါးနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ ပါဝင်တဲ့ အန်ဒီအက်ဖ်ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကတော့ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လွှတ်ရေး သမ္မတ ဦးသိန်းစိန်ဆီ စာရေးတောင်းဆိုထားတဲ့အကြောင်းနဲ့ မြန်မာအပေါ် အမေရိကန်က စီးပွားရေးပိတ်ဆို့ထားတာကို ရုပ်သိမ်းရေးကိစ္စ ပြောကြားလိုက်ပါတယ်လို့ ပြောပါတယ်။
“စီးပွားရေးပိတ်ဆို့တယ်ဆိုတာဟာ နိုင်ငံသားတွေရဲ့ စီးပွားရေး၊ နိုင်ငံရေးအခွင့်အရေးတွေကို ဟန့်တားပိတ်ပင်ရာ ရောက်နေတယ်။ အဲဒါဟာ လူ့အခွင့်အရေးချိုးဖောက်တာနဲ့ မတူဘူးလား။ ကိုယ့်အစိုးရက ကိုယ့်ကို ပြန်ပြီးတော့ ဒီလို လူ့အခွင့်အရေးတွေ ချိုးဖောက်တာ ပိတ်ပင်တာမျိုး ဖြစ်သလို၊ စီးပွားရေး ပိတ်ဆို့မှုဟာလည်း ပိတ်ပင်ရာ ရောက်နေတယ်ဆိုတာကို စဉ်းစားကြဖို့ လိုပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံကို ကူညီမယ်ဆိုရင် စီးပွားရေးအခွင့်အလမ်းတွေ ရလာအောင် စီးပွားရေးပိတ်ဆို့မှုကို ပြန်ပြီးဖြုတ်သင့်တယ်ဆိုတဲ့ အကြောင်း ကျနော်ပြောပါတယ်။”
အာဏာရှင်နိုင်ငံတချို့ကို အမေရိကန်က ထောက်ပံ့နေတာတွေကို ထောက်ပြ လိုက်တယ်လို့လည်း ဆိုပါတယ်။ ကျန်တွေ့ဆုံသူတွေရဲ့ သဘောထား အမြင်တွေကိုလည်း မစ္စတာမက်ကိန်းက နားထောင် တုံ့ပြန်သွားပုံကိုလည်း ဦးခင်မောင်ဆွေက အခုလို ပြောပါတယ်။
“ဂျွန်မက်ကိန်းကတော့ စီးပွားရေးပိတ်ဆို့ ရုပ်သိမ်းရေးကိစ္စအပေါ်မှာတော့ ၈ ပါတီရဲ့ သဘောထား တညီတည်းဆိုတာကို သူတွေ့သွားတယ်။ နောက်ပြီးတော့ တိုင်းရင်းသားတွေရဲ့ အခက်အခဲတွေ၊ အကျပ်အတည်းတွေ၊ နယ်စပ်မှာ ဖြစ်နေတဲ့ ကိစ္စတွေ ငြိမ်းချမ်းချင်တယ်ဆိုတဲ့ကိစ္စတွေ တိုင်းရင်းသားတွေ တင်ပြတာလည်း သူကြားသွားတယ်။ သူ့ဘက်ကလည်း နယ်စပ်မှာရှိနေတဲ့ ပြည်ပြေးဒုက္ခသည်တွေကို မြန်မာပြည်ထဲ အေးအေးဆေးဆေးပြန်ဝင်လာနိုင်အောင် လုပ်ဖို့အတွက် သူလည်း စိတ်ဝင်တစားရှိတယ်ဆိုတာလည်း ပြောသွားပါတယ်။”