ရဲလက်တွင်း သေဆုံးခဲ့သည့် လူမည်းအမျိုးသမီး ကို ဖမ်းဆီးသည့်ဗွီဒီယို ပြသ (ရုပ်သံ)

7.9K
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ ရဲလက်ထဲ သေဆုံးခဲ့တဲ့ အမေရိကန် လူမည်းအမျိုးသမီးကို ဖမ်းဆီးနေတဲ့ ဗွီဒီယိုကို ဇူလိုင် ၂၁ ရက်နေ့မှာ အာဏာပိုင်တွေက ထုတ်ပြသခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့က အသက် ၂၈ နှစ်အရွယ် အမေရိကန် လူမည်းအမျိုးသမီး စန္ဒရာ ဘလန်းဒ် (Sandra Bland) ကို အချက်ပြမီး မပြလို့ ရပ်တန့်စစ်ဆေးခဲ့တာပါ။
အဲ့ဒီနောက် ရဲနဲ့ ကတောက်ကဆတွေဖြစ်ပြီး ဖမ်းဆီးခံရကာ နောက် ၃ ရက်အကြာမှာ ရဲလက်ထဲမှာပဲ စန္ဒရာ ဘလန်းဒ် သေဆုံးခဲ့ပါတယ်။
သေမှုသေခင်း ဆရာဝန်ကတော့ စန္ဒရာ ဘလန်းဒ်ဟာ သူ့ရဲ့ထောင်ခန်းထဲမှာ ပလတ်စတစ် အမှိုက်အိတ်နဲ့ ဆွဲကြိုးချ အဆုံးစီရင်တယ်လို့ ပြောဆိုပေမယ့် သူ့ရဲ့မိသားစုဝင်တွေကတော့ လွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့နဲ့ စစ်ဆေးခွင့်ပေးဖို့ တောင်းဆိုထားကြပါတယ်။
တက္ကဆက်ပြည်နယ် စုံစမ်းစစ်ဆေးရေး အရာရှိတွေရော၊ အက်ဖ်ဘီအိုင် ထောက်လှမ်းရေးကရော ဘလန်းဒ်ရဲ့အမှုကို စုံစမ်းစစ်ဆေးနေကြပါတယ်။
ဘလန်းဒ်ဟာ အီလီနွိုက်ပြည်နယ်ကနေ တက္ကဆက်ပြည်နယ်မှာ အလုပ်လာရှာတာဖြစ်ပြီး အလုပ်ရတာ မကြာသေးပါဘူး။
ဇူလိုင် ၂၂ ရက်နေ့က ဘလန်းဒ် သေဆုံးခဲ့တဲ့ အကျဉ်းထောင်အပြင်ဘက်မှာ လူ့အခွင့်အရေးလှုပ်ရှားသူ၊ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူတွေက ဘလန်းဒ် ရဲလက်ထဲမှာ သေဆုံးမှုအတွက် ဆန္ဒပြခဲ့ကြပါတယ်။
ဘလန်းဒ် သေဆုံးမှုဟာ အမေရိကန် လူမှုအသိုင်းအ၀ိုင်းအတွင်း အမေရိကန် လူမည်းတွေအပေါ် လူဖြူအာဏာပိုင်တွေရဲ့ လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေ၊ အင်အားအလွန်အကျွံသုံး ဖိနှိပ်မှုတွေရဲ့ နောက်ဆုံးသာဓကအဖြစ် လူ့အခွင့်အရေး လှုပ်ရှားသူတွေက ရှုမြင်ကြပါတယ်။