ဗီယက်နမ် အထည်ချုပ်လုပ်ငန်း အမှာအော်ဒါကျဆင်း

အ၀တ်အထည်ပြည်ပပို့ကုန် တိုးတက်မှုကို နှေးကွေးစေတဲ့ အမေရိကန်ဒေါ်လာဈေး ထိုးတက်နေအချိန်မှာ ဗီယက်နမ်နိုင်ငံရဲ့ အဓိကပို့ကုန်ဈေးကွက် ၀ယ်လိုအား သိသိသာသာ ကျဆင်းသွားတယ်လို့ Vietnam.net သတင်းမှာ ဖော်ပြပါတယ်။
လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူစာချုပ် အဖွဲ့ဝင် ဗီယက်နမ်နိုင်ငံဟာ အထည်အလိပ်နဲ့ အထည်ချုပ်လုပ်ငန်းတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အရေအတွက် တဖြည်းဖြည်း တိုးတက်လာတယ်လို့ ဗီယက်နမ်အခြေစိုက် ဗီနာတက်စ် အခွန်ဝန်ဆောင်မှုဆိုင်ရာ အေဂျင်စီက ဆိုပါတယ်။
ဒီနှစ်မှတ်ပုံတင်ကြတဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ အထည်ချုပ်လုပ်ငန်းက အများဆုံးလို့ ဗီယက်နမ်နိုင်ငံ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အေဂျင်စီက ပြောပါတယ်။
အဲဒီစီမံကိန်းတွေထဲမှာ အမေရိကန်ဒေါ်လာ သန်း ၆၆၀ ရင်းနှီးမြှုပ်နှံတဲ့ ဟိုဆောင်ဒိုနိုင်း၊ အမေရိကန် ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံတဲ့ ဝေါ်လ်ဒွန်ဗီယက်နမ်နဲ့ အမေရိကန်ဒေါ်လာ သန်း ၁၆၀ ရင်းနှီးမြှုပ်နှံတဲ့ လုထိုင်းဗီယက်နမ်ကုမ္ပဏီတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
အ၀တ်အထည်နဲ့ အထည်ချုပ်စက်ရုံကဏ္ဍဟာ ဗီယက်နမ်နိုင်ငံရဲ့ ပို့ကုန်ဝင်ငွေရ အဓိကကဏ္ဍတခုဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွက် ၀င်ငွေ အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံ ရရှိခဲ့တာပါ။ ၂၀၁၅ ခုနှစ်မှာတော့ အ၀တ်အထည်နဲ့ အထည်ချုပ်လုပ်ငန်း ပို့ကုန်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၂၇ ကနေ ၂၇ ဒသမ ၅ ဘီလီယံထိ ရရှိလာဖို့ မျှော်မှန်းထားတာဖြစ်ပါတယ်။
ဗီယက်နမ် ပြည်တွင်းလုပ်ငန်းတွေရဲ့ ပို့ကုန်ဝင်ငွေဟာ အခုနှစ်ဝင်ငွေရဲ့ ၂၇ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ တိုးချဲ့လာတဲ့အတွက် ပြည်တွင်းလုပ်ငန်းတွေ နယ်ပယ် ကျဉ်းမြောင်းလာတယ်လို့လည်း သတင်းကဆိုပါတယ်။
ဗီယက်နမ်ရဲ့ အဓိကပို့ကုန်ဈေးကွက်တွေဖြစ်တဲ့ ဥရောပသမဂ္ဂ နိုင်ငံတွေနဲ့ ဂျပန်နိုင်ငံက အမှာစာ အရေအတွက်တွေဟာလည်း လျော့နည်းလာတယ်လို့ ဗီနာတက်စ်က အတည်ပြုပြောပါတယ်။
ဗီနာတက်စ် အခွန်ဝန်ဆောင်မှုဆိုင်ရာ အေဂျင်စီရဲ့ဒု-ဥက္ကဋ္ဌ ဖန်စွမ်းဟောင်က “ဒီပြဿ နာက တော်တော်အရေးကြီးပါတယ်။ ပို့ကုန်ဈေးနှုန်းတွေက မပြောင်းလဲဘဲ သုံးရတဲ့ သွင်းကုန်ဈေးတွေ တက်လာတယ်။ တချိန်တည်းမှာပဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပြည်တွင်းကို ပိုဝင်လာပြီး ပြည်တွင်းအခြေစိုက် လုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်နေရတာပါ” လို့ ပြောပါတယ်။
ဂါးမက်စ်ဆိုင်ဂုံ အထည်ချုပ်ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ လီကွမ်းဟောင်က ဒေါ်လာဈေး မာလာတဲ့ အကျိုးဆက်ကြောင့် ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ ဂျပန်နိုင်ငံကို တင်ပို့နေတဲ့ ဗီယက်နမ်ပို့ကုန်ဈေးကွက်ကို ဆိုးဆိုးဝါးဝါး ထိခိုက်နေတယ်လို့ ပြောပါတယ်။
“ဒေါ်လာဈေး မာလာလေလေ ဗီယက်နမ်ပို့ကုန်တွေ ပိုဈေးကြီးလာလေလေပဲ”
လီကွမ်းဟောင်က လက်ရှိအခက်အခဲတွေဟာ လာမယ့်နှစ်အထိ ကြန့်ကြာနိုင်ဖွယ်ရှိပြီး ဂရိနိုင်ငံ ဘဏ္ဍာရေးပြဿနာပေါ်လည်း မူတည်နေတယ်လို့ ဆိုပါတယ်။