Home
မြန်မာသတင်း
အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း အပြီးသတ်မရွေးရသေးဘဲ မီဒီယာမပြောရန် တားမြစ်
DVB
·
July 22, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကိုယ်စားလှယ်လောင်းတွေအနေနဲ့ အဖွဲ့ချုပ်က အပြီးသတ် မရွေးရသေးခင် ဖေ့စ်ဘွတ်ခ်မတင်၊ မီဒီယာနဲ့ အင်တာဗျူး မလုပ်ကြဖို့ ကြေညာချက်ထုတ်ပြန် တားမြစ်လိုက်ပါတယ်။ အဖွဲ့ချုပ်၊ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က ဇူလိုင် ၂၂ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပြီး ကိုယ်စားလှယ်လောင်း စိစစ်ရေးလုပ်ငန်းကို ထိခိုက်တာကြောင့် အခုလို ကြေညာချက်ထုတ်ရတာလို့ ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။ “ကျနော်တို့က မပြီးသေးဘူးလေ၊ မပြီးသေးတာကို ပြီးသကဲ့သို့ တချို့ပြောတယ်။ ကျနော် နာမည် ထုတ်မပြောချင်လို့။ အဲ့ဒီလို ဖြစ်တာကျတော့ ဘယ်ကောင်းမလဲ။ ကျနော်တို့ မလုပ်ရသေးတာကို လုပ်ပြီးသကဲ့သို့ ပြောတာ ထိခိုက်တာပေါ့။ ကျနော်တို့ လက်မခံနိုင်တဲ့ လူတယောက်က လက်ခံပြီလို့ ပြောသွားရင် ကျနော်တို့ ထိခိုက်တာပေါ့၊ အကြီးအကျယ်။” အခုရက်ပိုင်းအတွင်း အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်မယ်လို့ ထုတ်ဖော်ပြောဆိုသူတွေနဲ့ အင်တာဗျူးတွေ မီဒီယာအတော်များများမှာ ဖော်ပြပါရှိခဲ့ပြီးတဲ့နောက် အဖွဲ့ချုပ်ရဲ့ အခု ကြေညာချက် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေပေါ်မှာလည်း အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားတဲ့ ပုံစံစာရွက်တွေပါ တင်လာကြတာ တွေ့မြင်နေရပါတယ်။ ပါတီအသီးသီးက ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း စာရင်းကို ဇူလိုင် ၂၀ ရက်ကနေ သြဂုတ် ၈ ရက်အတွင်း ကော်မရှင်ထံ တင်သွင်းရမှာဖြစ်ပြီး အဖွဲ့ချုပ်က စာရင်းတင်သွင်းရမယ့်ရက် မလုံလောက်လို့ ၁၀ ရက် ထပ်တိုးပေးဖို့ တောင်းဆိုခဲ့ပေမယ့် ကော်မရှင်က ပယ်ချခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024