A d v e r t i s e m e n t With Us

ဘရုစ်လီ ကွယ်လွန်ခြင်း ၄၂ နှစ်ပြည့် လူမှုရေး မီဒီယာများ ဂုဏ်ပြု

ဇူလိုင် ၂၀ ရက်မှာ ကျရောက်တဲ့ ကွန်ဖူး သရုပ်ဆောင် ဘရုစ်လီ ကွယ်လွန်ခြင်း ၄၂ နှစ်ပြည့်မှာ သူ့ကို တရုတ်လူမှုရေး မီဒီယာကို အသုံးပြုသူတွေက ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ၁၉၇၁ က “Fists of Fury” ဒေါသလက်သီး ဇာတ်ကားနဲ့ ကွန်ဖူးကို ကမ္ဘာမှာ လူသိများအောင် မိတ်ဆက်ပေးခဲ့တဲ့ ဂန္တ၀င်မြောက် ပုဂ္ဂိုလ် ဘရုစ်လီကြောင့် တရုတ်ကို ကမ္ဘာက လေးစားခဲ့တယ်လို့ လူမှုရေးကွန်ရက် အသုံးပြုသူတွေ ရေးသားခဲ့ပါတယ်။ “သူကို လွမ်းပါတယ်။ အာရှရဲ့ နာတာရှည် ဝေဒနာသည် တရုတ်ဆိုတဲ့ ပုံရိပ်ကို သူက ခြေဖျက်ပေးနိုင်တယ်”လို့ လူမှုရေးကွန်ရက်သုံးစွဲသူတဦးက ရေးပါတယ်။ လူမှုရေး ကွန်ရက်သုံးစွဲတဲ့ တခြားသူတွေကလည်း ဘရုစ်လီကို အမျိုးမျိုးအဖုံဖုံ တင်စား ရေးသားခဲ့ပါတယ်။ ၁၉၄၀ နိုဝင်ဘာ ၂၇ ရက် အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမှာ မွေးဖွားတဲ့ ဘရုစ်လီဟာ နာမည်ရင်းက လီဂျွန်ဖန်ဖြစ်ပါတယ်။ တရုတ် အထိမ်းအမှတ် နဂါးနှစ်မှာ မွေးတဲ့အတွက် နဂါးလေးလို့ အမည်ပေးထားပြီး ရုပ်ရှင် ဇာတ်ကားတော်တော်များများမှာ သရုပ်ဆောင်ခဲ့ပါတယ်။ အသက် ၁၃ နှစ်က စတင်ပြီး ဟောင်ကောင်က ဆရာ ယစ်မန်ဆီမှာ တရုတ်ကိုယ်ခံပညာကို သင်ကြားခဲ့ပါတယ်။ အသက် ၁၈ နှစ်မှာ အမေရိကန်နိုင်ငံ ၀ါရှင်တန်တက္ကသိုလ်ကို တက်ရောက်ခဲ့ပါတယ်။ ဘရုစ်လီဟာ တွေးခေါ်ပညာရှင် တဦးလည်း ဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ်မှာ လူထုအကြား ရေပန်းစားတဲ့ တီဗွီဇာတ်လမ်းမှာ သရုပ်ဆောင်ခဲ့ ပါတယ်။ ၁၉၇၁ ဒေါသလက်သီးနဲ့ ၁၉၇၂ The Chinese Connection တရုတ်ဆွေမျိုးဆိုတဲ့ ဇာတ်လမ်းတွေမှာ သရုပ်ဆောင်ပြီး ဟောလီးဝုဒ်မှာ နာမည်ကြီးလာတာဖြစ်ပါတယ်။ ၁၉၇၂ ခုနှစ်နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်လမ်းကြီးတွေမှာ ပထမဆုံး သရုပ်ဆောင်ရတဲ့ အာရှ အနွယ်လည်း ဖြစ်ခဲ့ပါတယ်။ ၁၉၇၃ ခုနှစ် အသက် ၃၂ နှစ်အရွယ် ဟောင်ကောင်မှာ သေဆုံးသွားခဲ့ပါတယ်။ ဒီကနေ့ အထိ သူရဲ့ ရုတ်တရက် သေဆုံးမှုကို ပရိသတ်တွေက မေးခွန်းထုတ် အငြင်းအခုံ ဖြစ်နေဆဲ ဖြစ်ပါတယ်။ နောက်ကျော ဒဏ်ရာအတွက် အသုံးပြုနေတဲ့ အကိုက်အခဲဆေးကြောင့် ဦးနှောက်နဲ့ သက်ဆိုင်တဲ့ ဝေဒနာတခုကို ခံစားရင်း သေဆုံးသွားတာ ဖြစ်တယ်လို့ သေမှုသေခင်း ဆေးမှတ်တမ်းတွေက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up