A d v e r t i s e m e n t With Us

နိုင်ငံပိုင်အဆောက်အဦများကို ဟိုတယ်များအဖြစ် အမြန်ပြင်ဆင်ဖွင့်လှစ်မည်

ရန်ကုန်တိုင်း​၊​ မင်္ဂလာဒုံမြို့​နယ်အတွင်း​မှာ ဟိုတယ်ဇုန်တခု တည်​ဆောက်ဖို့​ရှိပြီး​၊​ ရန်ကုန်က နိုင်ငံပိုင်အ​ဆောက် အဦ​တွေကို ဟိုတယ်​တွေအဖြစ် အမြန်ပြင်ဆင်​ပြောင်း​လဲဖွင့်​လှစ်ဖို့​ရှိ​ကြောင်း​ မြန်မာနိုင်ငံခရီး​သွား​လုပ်ငန်း​ အဖွဲ့​ဥက္ကဋ္ဌ ဦး​ခင်​ရွှေက ​ပြောပါတယ်။ တည်ရှိပြီး​ နိုင်ငံပိုင်အ​ဆောက်အဦ​တွေကို ဟိုတယ်​တွေအဖြစ် ပြင်ဆင် ဖွင့်​လှစ်ဖို့​ လုပ်မှသာ ဟိုတယ်ခန်း​အ​ရေအတွက် အမြန်ဆုံး​ တိုး​ပွား​များ​ပြား​လာမှာ ဖြစ်တယ်လို့​ ဆိုပါတယ်။ ဦး​ခင်​ရွှေက “နိုင်ငံပိုင် အ​ဆောက်အဦတွေကို အမြန်ဆုံး​ ဟိုတယ်ခန်း​တွေ လုပ်ဖို့​လည်း​ proposal ​တွေ တင်ထား​တယ်။ ဘယ်အ​ဆောက်အဦတွေလည်း​ဆိုတာ ​ပြောလို့​တော့​ မဖြစ်ဘူး​။ ဘယ်လိုပဲဖြစ်ဖြစ် လာမယ့်​နှစ်မှာ များ​လာမယ့်​ ခရီး​သွား​ကို ပြင်ဆင်ထား​ဖို့​ လိုတယ်​လေ။ မပြင်ဆင်ထား​ရင် လာပြီး​တော့​ တည်း​စရာမရှိ၊​ သူတို့​ကို ဧည့်​ခံဖို့​ အရည်း​အချင်း​မီတဲ့​ ဝန်ထမ်း​တွေက မရှိ။ အဲလိုမျိုး​ ဖြစ်မှာစိုး​လို့​ ဒီမိုး​တွင်း​မှာ ပြင်ဆင်​နေတာပါပဲ။” ရန်ကုန် ဟိုတယ်ဇုန်တည်​ဆောက်ဖို့​အတွက် ​လေယာဉ်ကွင်း​နဲ့​နီး​တဲ့​ မင်္ဂလာဒုံမြို့​နယ်ထဲကို ​ရွေး​ချယ်အဆိုပြုထား​ပြီး​ ခွင့်​ပြုချက်ရတာနဲ့​ အမြန်ဆုံး​တည်​ဆောက်သွား​မယ်လို့​လည်း​ ဆိုပါတယ်။ ဟိုတယ်ဇုန်​တွေထဲမှာ ဟိုတယ်​တွေ၊​ စား​သောက်ဆိုင်​တွေ၊​ အမှတ်တရပစ္စည်း​ အ​ရောင်း​ဆိုင်​တွေ၊​ ​ဖျော်​ဖြေ​ရေး​တွေအပါအဝင် ဧည့်​သည်​တွေအတွက် လိုအပ်တာ​တွေ အား​လုံး​ရှိ​အောင် စီစဉ်​ဆောင်ရွက်သွား​မှာ ဖြစ်ပါတယ်။ ဟိုတယ်အသစ်​တွေတည်​ဆောက်နိုင်ဖို့​အတွက် ဘဏ်​ချေး​ငွေရရှိ​ရေး​ ​ဆွေး​နွေး​ထား​ပြီး​ ဖြစ်တယ်လို့​ ဦး​ခင်​ရွှေက ​ပြောပါတယ်။ “​ဆွေး​နွေး​တယ်ဆိုတာက project loan (​ချေး​ငွေ) သ​ဘောမျိုး​၊​ အန်ကယ်တို့​က တာဝန်ယူပြီး​တော့​ ဘဏ်ထဲက ​ချေး​ပေး​ပါ့​မယ်ဆိုတဲ့​ သ​ဘောမျိုး​ပေါ့​ ​လော​လောဆယ် ​ဆွေး​နွေး​ပါတယ်။ မြန်မာ့​စက်မှုဖွံ့​ဖြိုး​ရေး​ဘဏ်မှာလည်း​ အဲဒီလိုမျိုး​ပဲ။ အ​ပေါင်ပစ္စည်း​ ဘဏ်ကို ​ပေါင်စရာမလိုဘူး​။ project loan သ​ဘောမျိုး​ အန်ကယ်က တာဝန်ယူ​ပေး​ရင်း​ ​ချေး​ပေး​တဲ့​သ​ဘောမျိုး​။ အ​ကောင်အထည် ​ဖော်ဖို့​များ​တယ်၊​ စ​တောင် လှုပ်ရှား​နေပြီ။” ရန်ကုန်မှာ ဟိုတယ်​ပေါင်း​ ၁၇၀ ​ကျော်၊​ အခန်း​ပေါင်း​ ၇၃၀၀ ​ကျော်ရှိပြီး​ ပြီး​ခဲ့​တဲ့​နှစ်ထဲ ရန်ကုန်​လေဆိပ်က​နေ ကမ္ဘာလှည့်​ခရီး​သည် သုံး​သိန်း​ကျော်ဝင်​ရောက်ခဲ့​ရာမှာ တည်း​ခိုဖို့​ အခက်အခဲဖြစ်ခဲ့​တဲ့​အတွက် အခုလို ဟိုတယ်​တွေတိုး​ချဲ့​ဖွင့်​ဖို့​ လုပ်​နေကြတာ ဖြစ်ပါတယ်။ လာမယ့်​ပွင့်​လင်း​ရာသီမှာ ကမ္ဘာလှည့်​ခရီး​သည် ငါး​သိန်း​လောက်လာဖို့​ ​မျှော်လင့်​ပြီး​ လုပ်​ဆောင်​နေတာလည်း​ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up