Home
မြန်မာသတင်း
သစ်ခိုးထုတ်သည့် တရုတ် ၁၅၀ ကျော်ကို တသက်တကျွန်းပြစ်ဒဏ်ချ
ရွှေအောင်
·
July 22, 2015
ကချင်ပြည်နယ်ထဲ သစ်ခိုးထုတ်ခဲ့တဲ့ တရုတ်နိုင်ငံသား ၁၅၀ ကျော်ကို အများနှင့် သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ အပက ၃ နဲ့ မြစ်ကြီးနားမြို့နယ် တရားရုံးက ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ ဇူလိုင် ၂၂ ရက်မှာ အမိန့်ချမှတ်လိုက်တာဖြစ်ပြီး သစ်ခိုးထုတ်မှုနဲ့ ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်အနက် အရွယ်မရောက်သေးတဲ့သူ ၂ ယောက်ကလွဲပြီး ကျန် ၁၅၃ ယောက်ကို တသက်တကျွန်းပြစ်ဒဏ် ချလိုက်တာလို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ မြစ်ကြီးနားမြို့က အထက်တန်းရှေ့နေ ဦးခင်မောင်က ပြောပါတယ်။ “အားလုံးပေါင်း ၁၅၅ ယောက်မှာ ၁၅၃ ယောက်ကို အပက ၃ နဲ့ အမြင့်ဆုံးထောင်ဒဏ်ဖြစ်တဲ့ တသက်ကျွန်းစီချပြီးတော့ ကလေး ၂ ယောက်ကိုပဲ ၁၀ နှစ် ချပါတယ်။ လူငယ် ၂ ယောက်ကတော့ ဥပဒေပုဒ်မ ၇၁ (ခ) အရ ဆယ်နှစ်ချတာ၊ ကျန်းကွေ့နဲ့ ကျိုက်စင်းရှောက်၊ ၁၇ နှစ်ကျော်တွေပါ။” ထောင်ဒဏ်ချမျတ်ခံရသူတွေရဲ့ ဆန္ဒရှိရင် ပြည်နယ်တရားရုံးမှာ အယူခံဝင်သွားမယ်လို့လည်း သူက ပြောပါတယ်။ တရုတ်နိုင်ငံသား သစ်ခိုးထုတ်သူတွေကို အစောပိုင်းက ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆ (၁) နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာမှ အများနှင့် သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ အပက ၃ နဲ့ ပြောင်းပြီး အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်ဆန်းပိုင်းက တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံးဒေသအတွင်း  စစ်ဆင်ရေးမှာ တရုတ်နိုင်ငံသား ၁၅၀ ကျော်ကို သစ်ထုတ်တဲ့ ပစ္စည်းကိရိယာတွေ၊ မော်တော်ယာဉ်တွေနဲ့ ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံသားတွေ မြန်မာပြည်ထဲဝင်ပြီး သစ်ခိုးထုတ်နေတာဟာ နှစ်တိုင်းလိုဖြစ်ပြီး နယ်မြေအေးချမ်းမှု မရှိတဲ့အတွက် တားဆီးဟန့်တားနိုင်ခြင်း မရှိဘဲ ဒီနှစ်မှာတော့ တပ်မတော် ကင်းထောက်လေယာဉ်တွေရဲ့ တွေ့ရှိမှုအပေါ် စစ်တပ်၊ ရဲနဲ့ သစ်တောတို့ပေါင်းပြီး အခုလို အမြောက်အမြား ဖမ်းဆီးနိုင်ခဲ့တာလို့ အစိုးရက သတင်းထုတ်ခဲ့ပါတယ်။ တရားမ၀င်သစ်ခုတ်ရောင်းချမှုနဲ့  ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံ သားတွေကိစ္စ မှန်မှန်ကန်ကန် ကိုင်တွယ်ဆောင်ရွက်ပေးဖို့  တရုတ်အစိုးရက တိုက်တွန်းကလည်း  ပြီးခဲ့တဲ့ ဇန်န၀ါရီက တိုက်တွန်းထားပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024