Home
မြန်မာသတင်း
အစိုးရကို ကြွေးဆပ်ရန် ပျက်ကွက်သည့် လုပ်ငန်းရှင် ၁၀ ဦးကို တရားစွဲ
DVB
·
July 22, 2015
အစိုးရကို ပေးဆပ်ရမယ့် ကြွေးကျန်ကျပ်ငွေ ၂၅ ဘီလီယံကျော် ပေးသွင်းဖို့ ကျန်ရှိနေတဲ့ မြန်မာလုပ်ငန်းရှင် ၁၀ ဦးကို အများနှင့် သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ (၃) နဲ့ တရားစွဲဆိုထားတယ်လို့ အစိုးရက  ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနသို့  ပေးသွင်းရန်ကျန်ရှိနေတဲ့ လုပ်ငန်းရှင် ၁၀ ဦးရဲ့ ကြွေးမြီပမာဏဟာ ကျပ်ငွေ ၂၅ ဒဿမ ၅၉၂ ဘီလီယမ်ကျော် ရှိနေတယ်လို့ ဇူလိုင် ၂၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။ အဲဒီလို ကြွေးကျန်ပြဿ  နာဟာ  ၂၀၀၃-၂၀၀၄ ဘဏ္ဍာရေးနှစ်မှာ ၀န်ကြီးဌာနအနေနဲ့ ငါးစာတောင့်တွေကို လုပ်ငန်းရှင်တွေဆီ စာရင်းမှတ်စနစ်နဲ့ ဆောင်ရွက်ခဲ့ရာက စတင်ခဲ့တာဖြစ်ပြီး တပ်မတော်အစိုးရလက်ထက် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၀န်ကြီး ဦးမောင်မောင်သိမ်း တာဝန်ယူစဉ်မှာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် စာရင်းရှင်းလင်းပြီးချိန်မှာ ကြွေးကျန်ငွေကျပ် ၃၁ ဒဿမ ၆၄ ဘီလီယံရှိနေခဲ့ပြီး အဲဒီကြွေးကျန်တွေဟာ ၀န်ကြီးဌာနက အလွဲသုံးစား လုပ်ထားတာမဟုတ်ဘဲ လုပ်ငန်းရှင်တွေက ပေးဆပ်ဖို့ ကျန်ရှိနေတာဖြစ်ကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းမှ ပြည်သူ့ဘဏ္ဍာငွေ ဆုံးရှုံးမှု မရှိစေဖို့အတွက် အကြွေးပေးဆပ်ဖို့ ပျက်ကွက်တဲ့လုပ်ငန်းရှင်တွေကို တရားစွဲဆိုဖို့ ပြစ်ဒဏ်တွေနဲ့ ယှဉ်တွဲပြီး နေ့စဉ်ထုတ်သတင်းစာတွေမှာ ၇ ကြိမ် ကြော်ငြာထည့်သွင်းအကြောင်းကြားခဲ့ တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနဟာ နိုင်ငံတော်ကို ပေးသွင်းဖို့ ကြွေးကျန်ကျပ်ငွေ ဘီလီယံ ၃၁၇၉၃ ရှိနေတဲ့အတွက် ၀န်ကြီးဌာနတွေထဲမှာ အများဆုံးပေးသွင်းဖို့ ကျန်ရှိနေတဲ့ ၀န်ကြီးဌာန ဖြစ်တယ်လို့ ဇူလိုင် ၁၆ ရက်မှာကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024