သေဒဏ်ကျ မွမ်ဘိုင်းဗုံးခွဲမှု တရားခံ၏အယူခံ အိန္ဒိယတရားရုံးချုပ် ပယ်ချ

ဓာတ်ပုံ - ရိုက်တာ
1.4K
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ ၁၉၉၃ ခုနှစ်က ဗုံးခွဲမှုအတွက် သေဒဏ်ချမှတ်ခံထားရတဲ့ တဦးတည်းသော တရားခံ ယာကွက် မန်မွန်ရဲ့ အယူခံကို တရားရုံးချုပ်က ဇူလိုင်၂၁ ရက်နေ့က ပယ်ချလိုက်ပါတယ်။
ဒါကြောင့် သူ့ကို ဇူလိုင် ၃၀ ရက်နေ့မှာ သေဒဏ်ပေး ကွပ်မျက်ဖို့ လမ်းပွင့်သွားပါပြီ။
၁၉၉၃ ခုနှစ်က မွမ်ဘိုင်း စတော့အိတ်ချိန်း၊ လူသိများတဲ့ ရုပ်ရှင်တရုံနဲ့ ဈေး ၂ ခုကို တိုက်ခိုက်မှုမှာ လူ ၂၅၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကျေနပ်တယ်လို့ ၂၀၀၇ ခုနှစ်က မန်မွန်ကို သေမိန့်ချခဲ့ပြီး လက်ရှိ အငြိမ်းစားယူထားတဲ့ တရားသူကြီးဟောင်း ပီဒီ ကိုဒီက ပြောပါတယ်။
“တရားရေးစနစ်ကို ယုံကြည်သူ တယောက်အနေနဲ့၊ ထောက်လှမ်းရေးအဖွဲ့တွေနဲ့ အစိုးရ အဖွဲ့အပေါ်မှာ ယုံကြည်သူ တယောက်အနေနဲ့ အခုမှပဲ စိတ်သက်သာရာ ရသွားပါတယ်၊ အပြီးသတ် ဆုံးဖြတ်ချက်အဆင့်လည်း ရောက်ပါပြီ” လို့ ကိုဒီက ဆိုပါတယ်။
ရဲတွေရဲ့ အဆိုအရ တရားခံ မန်မွန်ရဲ့အစ်ကို တိုင်းဂါးနဲ့ မာဖီးယား ဂိုဏ်းခေါင်းဆောင် ဒါးဝူဒ် အီဘရာဟင်တို့ဟာ တိုက်ခိုက်မှုကို နောက်ကွယ်က ကြိုးကိုင်တယ်လို့ ဆိုပါတယ်။
သူတို့နှစ်ယောက်လုံး အခုလက်ရှိ ပါကစ္စတန်မှာ ပုန်းအောင်းနေတယ်လို့ ယူဆနေပါတယ်။
တရားခံ ယာကွက် မန်မွန်ကတော့ ပါကစ္စတန်ကနေ အိန္ဒိယနိုင်ငံဆီ ၁၉၉၄ ခုနှစ်မှာ ပြန်ခဲ့ပြီး အမှုကို ရင်ဆိုင်ခဲ့ပါတယ်။ သူကိုယ်တိုင် အဖမ်းခံတာလား၊ ရဲက ဖမ်းတာလား ဆိုတာလည်း မသဲကွဲပါဘူး။
၁၉၉၃ ခုနှစ်တုန်းက တရားခွင်တုန်းက အစိုးရရှေ့နေဖြစ်တဲ့ အိုးဝဲ နစ်ခမ်းကလည်း တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ အရေးကြီးတဲ့ မှတ်တိုင်တခုဖြစ်တယ်လို့ ဆိုပါတယ်။
ရာဇ၀တ်မှုရှေ့နေ မာဂျတ် မမ်မွန်းကလည်း တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ အံ့သြစရာတော့ မရှိဘူးလို့ ပြောပါတယ်။
ဒါပေမယ့် သေဒဏ်ကို ကန့်ကွက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကတော့ အယူခံကို ပယ်ချလိုက်တာဟာ စိတ်ပျက်စရာ၊ ၀မ်းနည်းစရာကိစ္စဖြစ်တယ်လို့ ဝေဖန်ပါတယ်။