မြန်မာနှင့်ထိုင်း အသင်းခေါင်းဆောင် ဖြစ်လိုသည့် ရှက်ဖီးအသင်းက ကရင်ဘောလုံးသမား

အင်္ဂလန်ဘောလုံးပြိုင်ပွဲ လိဂ်ဝမ်းကနေ ရှက်ဖီးယူနိုက်တက် ဘောလုံးအသင်းက ခေါ်ယူလိုက်တဲ့ ကရင်ဘောလုံးသမား ကလယ်ဟဲဟာ မြန်မာ ဒါမှမဟုတ်ရင် ထိုင်းအသင်း ခေါင်းဆောင် ဖြစ်ချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ကလယ်ဟဲဟာ အသက် ၂၁ နှစ်အောက် ရှက်ဖီးအသင်း ရှေ့တန်းတောင်ပံ တိုက်စစ်မှာ ခြေစွမ်းပြ ကစားနိုင်တဲ့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရှက်ဖီးအသင်းကြီးက ခေါ်ယူလိုက်အပြီး အခုလို ပြောလိုက်တာပါ။
“ကျနော်က ရည်မှန်းချက်ကြီးတဲ့ ကစားသမားပါ။ တနေ့မှာတော့ နိုင်ငံတကာ အဆင့်အနေနဲ့ မြန်မာ ဒါမှမဟုတ် ထိုင်းအသင်းရဲ့ ခေါင်းဆောင် ဖြစ်ချင်ပါတယ်။ ဒါ့အပြင် ဖြစ်နိုင်ရင် အဆင့်မြင့်တန်း ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာလည်း ကစားချင်ပါတယ်” လို့ ကလယ်ဟဲက ရိုက်တာကို ပြောပါတယ်။
ဇွန်လ အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲမှာ ထိုင်းက မြန်မာကို နိုင်သွားတဲ့ပွဲ သူ ကြည့်ခဲ့ရသလို နိုင်ငံကိုယ်စားပြုဖို့ကတော့ ဒီတိုင်းပြည်တွေရဲ့ နိုင်ငံကူးလက်မှတ် မရှိတဲ့အတွက် ရှုပ်ထွေးတယ်လို့ ဆိုပါတယ်။
“ကျနော်က ကိုယ့်ကိုယ်ကိုယ်၊ မိသားစု၊ သူငယ်ချင်း၊ မြန်မာနဲ့ ထိုင်းက လူတွေအားလုံးကို ကိုယ်စားပြုတယ်လို့ မှတ်ယူထားပါတယ်။ ဒုက္ခသည်စခန်း အပြင်ဘက်မှာ ဘ၀ရှိနေတယ်ဆိုတဲ့ မျှော်လင့်ချက် အမှတ်အသားအဖြစ် ကျနော် စံပြလူတဦး ဖြစ်ချင်ပါတယ်” လို့ ကလယ်ဟဲက ပြောပါတယ်။
လက်ရှိမှာတော့ ရှက်ဖီးနည်းပြ နစ်ဂျယ်အက်ကင်နဲ့ ၂၁ နှစ်အောက် နည်းပြ ခရစ္စမော်ဂင်တို့ သဘောကျအောင် ကစားပေးချင်သလို ရှက်ဖီးက သူ့အပေါ်ထားတဲ့ ယုံကြည်မှုကို ပြန်ပေးဆပ်ချင်တယ်လို့ သူက ဆိုပါတယ်။
အသက် ၁၈ နှစ်ရှိ ကလယ်ဟဲကို ထိုင်း-မြန်မာ နယ်စပ် အုန်းဖျံ ဒုက္ခသည်စခန်းမှာ မွေးဖွားခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ ကလယ်ဟဲနဲ့ မိသားစုဝင်တွေဟာ ကုလသမဂ္ဂရဲ့ တတိယနိုင်ငံ အခြေချနေထိုင်ရေး အစီအစဉ်နဲ့ ဗြိတိန်က ရှက်ဖီးမှာ နေထိုင်နေတာ ဖြစ်ပါတယ်။
ရှက်ဖီးကို ရောက်ရှိလာပြီး ဘာသာစကား အခက်အခဲကြောင့် ဘောလုံးဟာ သူ့ရဲ့ ခိုကိုးရာ ဖြစ်ခဲ့သလို ကျောင်းအသင်းနဲ့ တနင်္ဂနွေလိဂ်တွေမှာ ကစားခဲ့ပါတယ်။
လက်ရှိမှာတော့ ဗြိတိန်နိုင်ငံကူးလတ်မှတ်ကို ကိုင်ဆောင်ထားပြီး ၂၀၁၂ ခုနှစ်မှာ ဒုက္ခသည်စခန်းက မိသားစုနဲ့ သူငယ်ချင်းတွေဆီကို သွားရောက်လည်ပတ်ခဲ့ပါတယ်။