တူရကီတွင် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ မျက်ရည်ယိုဗုံးသုံး ဖြိုခွဲ (ရုပ်သံ)

2K
တူရကီရဲအဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ မီးသတ်ရေပိုက်တွေကို အသုံးပြုပြီး အစ္စတန်ဘူးလ်မြို့မှာ ဆန္ဒပြသူတွေကို ဇူလိုင် ၂၁ ရက်က လူစုခွဲခဲ့ပါတယ်။
ဆီးရီးယားနယ်စပ်က တူရကီမြို့မှာ အသေခံဗုံးခွဲမှု ဖြစ်ခဲ့တာကို မကျေနပ်တဲ့အတွက် ဆန္ဒပြသမားတွေဟာ ဇူလိုင် ၂၀ ရက်နေ့က ကန့်ကွက်နေခဲ့ကြတာပါ။
တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ ဆာရစ်မြို့ဟာ ကာ့ဒ်တပ်ဖွဲ့တွေနဲ့ အိုင်အက်စ်အဖွဲ့တွေ အသေအကျေတိုက်နေတဲ့ ကိုဘာနီမြို့ကနေ ၆ မိုင်လောက်ပဲ ဝေးတာပါ။
ယဉ်ကျေးမှုဌာနတခုရဲ့ အပြင်ဘက်က တိုက်ခိုက်မှုအတွင်း လူ ၃၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။
ဒီကိစ္စကို မကျေနပ်တဲ့အတွက် ဆန္ဒပြသမားတွေဟာ အိုင်အက်စ်အဖွဲ့ ဆန့်ကျင်ရေး ပိုစတာတွေကို ကိုင်ဆောင်ပြီး တူရကီသမ္မတ အာဒိုဂန်နဲ့ အာဏာရပါတီ အေကေပါတီကို ဝေဖန် ရှုတ်ချခဲ့ကြပါတယ်။
နောက်ဆုံးမှာ ရဲတွေ ရောက်လာပြီး မျက်ရည်ယိုဗုံးတွေနဲ့ မီးသတ်ရေပိုက်တွေကို သုံးပြီး လူစုခွဲခဲ့ပါတယ်။
သမ္မတ အာဒိုဂန်ဟာ အိုင်အက်စ်အဖွဲ့ကို တားဆီးဖို့ ပျက်ကွက်တယ်လို့ တူရကီကာ့ဒ်တွေက ယုံကြည်ထားကြပါတယ်။ အခုလို ဆန္ဒပြပွဲတွေ အန်ကာရာမြို့မှာလည်း ပေါ်ပေါက်နေပါတယ်။