အိန္ဒိယတွင် ရေလွှမ်း၊ အန္တရာယ်ရှိအဆင့်ထိ မြစ်ရေမြင့်တက် (ရုပ်သံ)

6.1K
အိန္ဒိယနိုင်ငံ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းနဲ့ မဟာရတ်ရှ်ထျာပြည်နယ်တွင်း တခြားမြို့တွေမှာ မိုးသည်းကြီးမည်းကြီး ရွာပြီး ရေကြီးနေပါတယ်။
နိုင်ငံတွင်း တခြားအစိတ်အပိုင်း အတော်များများမှာလည်း ရေကြီးနေတာပါ။
မွမ်ဘိုင်းမြို့ အနောက်ပိုင်းနဲ့ အလယ်ပိုင်းကို ပြေးဆွဲနေတဲ့ မီးရထားလမ်းတွေလည်း ရေမြုပ်နေလို့ နာရီဝက်လောက် ခရီးစဉ်နှောင့်နှေးခဲ့ပါတယ်။
မိုးလေဝသဌာနကတော့ မွမ်ဘိုင်းက စန်တာခရုဇ် မိုးလေဝသဌာနမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၆ ဒသမ ၁ စင်တီမီတာအထိ ရွာခဲ့တာ မှတ်တမ်းတင်ထားတယ်လို့ ပြောပြီး လာမယ့် ၂ ရက်အထိ ဆက်ရွာဦးမယ်လို့ ဆိုပါတယ်။
မဒ်ဒရာ ပရာဒေ့ရှ် ပြည်နယ်မှာတော့ ရီပရာမြစ်ရေက အန္တရာယ်ရှိတဲ့အဆင့်ထိ မြင့်တက်နေပြီး သိဝနတ်ဘုရားကို ကိုးကွယ်တဲ့ ဟိန္ဒူဘုရားကျောင်းထဲ ရေဝင်ခဲ့ပါတယ်။
စိုက်ပျိုးရေးနိုင်ငံ အိန္ဒိယမှာ နိုင်ငံလူဦးရေရဲ့ ၃ ပုံ ၂ ပုံက ကျေးလက်မှာ နေထိုင်ပြီး စိုက်ပျိုးရေးနဲ့ အသက်မွေးနေတာမို့ နှစ်စဉ် မုတ်သုံမိုးက အရေးကြီးပါတယ်။
ဒါပေမယ့် နှစ်စဉ်နှစ်တိုင်း မိုးကြီးလို့ ရေလွှမ်းမိုးတာ၊ မြေပြိုတာနဲ့ ရေကြောင့်ဖြစ်တဲ့ ရောဂါတွေလို ပြဿနာတွေလည်း ဖြစ်ပွားလေ့ ရှိပါတယ်။