အီရန်ကဲ့သို့ အမေရိကန်နှင့် ဆွေးနွေးရန် စိတ်မ၀င်စားဟု မြောက်ကိုရီးယား ပြော

ဓာတ်ပုံ - ရိုက်တာ
3.4K
မြောက်ကိုရီးယား အစိုးရက သူ့ရဲ့ နျူကလီးယား အစီအစဉ်ကို စွန့်လွှတ်ပြီး အီရန်လိုမျိုး အမေရိကန်နဲ့ ဆွေးနွေးဖို့ စိတ်မဝင်စားဘူးလို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
ကြေညာချက်ထဲမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်ဟာ မြောက်ကိုရီးယားအပေါ် အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒကို ကာကွယ်ဖို့ မရှိမဖြစ် အရံအတားလို့လည်း ပြောပါတယ်။
“ကျနော်တို့ အခြေအနေနဲ့ အီရန် နျူကလီးယား အစီအစဉ်နဲ့ နှိုင်းယှဉ်ရင် ကျိုးကြောင်း ဆီလျော်မှု မရှိဘူး၊ ကျနော်တို့ဟာ နျူကလီးယား ခြိမ်းခြောက်မှုတွေ၊ ကြီးမားတဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ အပါအဝင် အမေရိကန် စစ်တပ်ရဲ့ ကျူးကျော်ရန်စတဲ့ စစ်ပြုမှုတွေကို အမြဲခံနေရတယ်” လို့ ကြေညာချက်က ဆိုထားတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရကို ကိုးကားပြီး မြောက်ကိုရီးယား အစိုးရမီဒီယာ ကေအာတီက ထုတ်လွှင့်ခဲ့ပါတယ်။
“ကျနော်တို့ရဲ့ နျူကလီးယား အစီအစဉ်ကို တဖက်သတ် စွန့်လွှတ်ဖို့ ဒါမှမဟုတ် ရပ်ဆိုင်းထားဖို့ ဆွေးနွေးပွဲတွေကို စိတ်ဝင်စားမှု လုံးလုံးမရှိဘူး။”
အမေရိကန် အစိုးရနဲ့ ကမ္ဘာ့အင်အားကြီး ငါးနိုင်ငံဟာ ဒဏ်ခတ်မှု ပယ်ဖျက်ရေးနဲ့ အီရန်ရဲ့ နျူကလီးယား အစီအစဉ် ကန့်သတ်ရေးအတွက် အီရန်နဲ့ သမိုင်းဝင် သဘောတူညီချက်ကို အရင်သီတင်းပတ်က လုပ်နိုင်ခဲ့တာပါ။
သဘောတူညီချက်အရ အီရန်စီးပွားရေးကို ချွတ်ခြုံကျစေခဲ့တဲ့ အမေရိကန်၊ ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂတို့ရဲ့ ဒဏ်ခတ်မှုကို ပယ်ဖျက်ပေးဖို့ အီရန်က သူ့ရဲ့ နျူကလီးယား အစီအစဉ်ကို ကာလကြာရှည် ကန့်သတ်ထားရမှာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားကလည်း သူ့ရဲ့ ဆက်လက်လုပ်ဆောင်ဆဲ နျူကလီးယား အစီအစဉ်နဲ့ တိုက်ချင်းပစ် ဒုံးကျည်အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂ တို့က အကြီးအကျယ် ဒဏ်ခတ်တာ ခံနေရပါတယ်။