A d v e r t i s e m e n t With Us

အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံ ပြင်သစ်သူ ဆေးမကုဘဲ ရောဂါသက်သာ

ဓာတ်ပုံ - ရိုက်တာ
မွေးရာပါ အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ပိုးရှိနေတဲ့ ပြင်သစ်အမျိုးသမီးငယ်တဦးဟာ ဆေးဝါးသောက်သုံးမှုကို ၁၂ နှစ်ကြာ ရပ်နားထားပေမယ့် ရောဂါလက္ခဏာတွေ တဖြည်းဖြည်း ပျောက်ကွယ်လာတယ်လို့ နယူးယောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။ လက်ရှိ ၁၈ နှစ်အရွယ် (ကျင့်ဝတ်အရ အမည်မဖော်တဲ့) ပြင်သစ်အမျိုးသမီးတဦးဟာ မိခင်ထံကနေ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာဖြစ်ပြီး သုံးလသားအရွယ်ကနေ ခြောက်နှစ်အရွယ်ထိ  ဗိုင်းရပ်စ် ထိန်းချုပ်ဆေးတွေဖြစ်တဲ့ ဇီဒိုဗူဒင်းနဲ့ အေဇက်တီ ဆေးတွေကို သောက်ခဲ့ရသူဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။ အခုတော့ အဆိုပါ အမျိုးသမီးရဲ့သွေးထဲမှာ ရှိနေတဲ့ ဗိုင်းရပ်စ်ပမာဏကို တိုင်းတာလို့ မရနိုင်အောင် လျော့ကျသွားခဲ့တယ်လို့ ဗြိတိသျှကိုလံဘီယာ၊ ဗဲန်ကူးဗားမြို့မှာ ဇူလိုင် ၂၀ ရက်နေ့က ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အေအိုင်ဒီအက်စ် ညီလာခံမှာ ဆေးသိပ္ပံပညာရှင်တွေက ပြောခဲ့ကြတာပါ။ ခြောက်နှစ်သားအထိ ဆေးသောက်ပြီးနောက် ဆရာဝန်တွေနဲ့ ကလေးငယ်ဟာ အဆက်အသွယ် ပြတ်တောက်ခဲ့ရကြောင်းနဲ့ တနှစ်အကြာ ကလေးမိခင်နဲ့ ပြန်ဆုံတဲ့အခါ  ကလေးမိခင်က ဒီတနှစ်အတွင်း သူ့ကလေးကို အိပ်ခ်ျအိုင်ဗွီထိန်းချုပ်ဆေး မတိုက်ဘူးလို့ ပြောခဲ့ပါတယ်။ ဆရာဝန်တွေက ကုသမှု ပြန်လည်စတင်ဖို့ စမ်းသပ်တဲ့အခါ ကလေးရဲ့သွေးထဲမှာ အိပ်ခ်ျအိုင်ဗွီ မတွေ့တော့တာလို့ ဆိုပါတယ်။ ဒါကြောင့် ဆေးဝါးကုသမှုကို ရပ်နားခဲ့ပါတယ်။ အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ကို ပူးတွဲရှာဖွေတွေ့ရှိသူ ပစ်စတွာအင်စတီကျုမှ သိပ္ပံပညာရှင် ဖရန်ဆွာဗားဆီနူးဆီက “ဒါဟာ အံ့သြစရာကောင်းတဲ့ ဖြစ်ရပ်တခုပါ။ ဒါပေမယ့် ဒါဟာ ဘယ်လောက်ကြာကြာ ခံမလဲဆိုတာ မသိနိုင်သေးပါဘူး။” လို့ ပြောပါတယ်။ “ဒီတွေ့ရှိမှုဟာ ရောဂါ ကုသမှုတွေ စတဲ့အချိန်က စပြောရင် အားကောင်းတဲ့ နောက်တိုး အထောက်အထားဖြစ်တယ်ဆိုတာက ရှင်းပါတယ်။” လို့ ပြောပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကလည်း  အမေရိကန်ပြည်ထောင်စုမှာ အိပ်ခ်ျအိုင်ဗွီဗိုင်းရပ်စ် ကူးစက်ခံ မစ္စစ္စပီလို့ခေါ်တဲ့ အမျိုးသမီးငယ်တဦးဟာ ၂၇ လကြာ ဘယ်လိုကုသမှုမျိုးမှ မလုပ်ဘဲ ပျောက်ကင်းခဲ့တာကို ဆရာဝန်တွေက တွေ့ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် မနှစ် ဇူလိုင်လမှာ ရောဂါလက္ခဏာတွေ ပြန်လည်တွေ့ရှိခဲ့ပြီး ကုသမှုတွေကို ပေးခဲ့ရတယ်လို့ သတင်းက ဆိုပါတယ်။ ယခင်ကာလက လူနာတဒါဇင်ခန့်မှာ ပိုးရှာမတွေ့တဲ့ကာလ ၁၀ နှစ်အထိ ကြုံတွေ့ဖူးပြီး အခု ပြင်သစ်သူ အခြေအနေကတော့ ပိုမိုထူးခြားနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up