Home
မြန်မာသတင်း
လားဟူနှင့် အာခါ တိုင်းရင်းသားပါတီ ရှမ်းပြည်အရှေ့ပိုင်း၌ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်
နန်းမြနဒီ
·
July 21, 2015
ရှမ်းပြည်နယ်ထဲက တိုင်းရင်းသား လူမျိုးစုပါတီ နှစ်ခုဖြစ်တဲ့ လားဟူအမျိုးသားများ ဖွံဖြိုးတိုးတက်ရေး ပါတီနဲ့ အာခါအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီတို့ ရှမ်းပြည်နယ် အရှေ့ပိုင်းက မြို့နယ်တွေမှာ အဓိက ၀င်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ လားဟူအမျိုးသားများဖွံဖြိုးတိုးတက်ရေးပါတီအနေနဲ့ ရှမ်းပြည်နယ်တွင်း မြို့နယ်ပေါင်း ၁၅ မြို့နယ်မှာ ကိုယ်စားလှယ်လောင်း ၃၀ နီးပါး ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီဥက္ကဋ္ဌ ဦးယောသပ်က ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ပါတီက ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေထဲက မက်မန်းမြို့နယ်ရယ် ပြီးတော့ တန့်ယန်း၊ မိုင်းနောင်၊ နမ့်စမ်၊ မိုင်းပြင်း၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းခတ်၊ မိုင်းတုံ၊ မိုင်းပြင်း စတဲ့မြို့နယ်တွေမှာပြိုင်ပါမယ်။ လွှတ်တော် ၃ ရက်စလုံးအတွက် ကိုယ်စားလှယ် ၃၀ ဦးလောက် ယှဉ်ပြိုင်ဖို့ လျာထားပါတယ်။” ရှမ်းပြည်နယ် လားရှိုးမြို့အခြေစိုက် လှုပ်ရှားနေတဲ့ လားဟူအမျိုးသားများဖွံဖြိုးတိုးတက်ရေးပါတီဟာ ၁၉၉၀ ပြည့်ရွေးကောက်ပွဲတုန်းက ၇ နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ၁ နေရာ အနိုင်ရခဲ့ပါတယ်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲဝင်ဖို့ ပြန်လည်မှတ်ပုံတင် လျောက်ထားခဲ့တဲ့ ပါတီ ၅ ပါတီထဲက တခုဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ မှာလည်း တိုင်းဒေသကြီး လွှတ်တော် ၁ နေရာ အနိုင်ရခဲ့ပါတယ်။ ပါတီအနေနဲ့ လားဟူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသရရှိရေး၊ တန်းတူညီမျှရေးနဲ့ လားဟူတမျိုးသား လုံးစုစည်းကာ သာယာဝပြောတဲ့ လားဟူဒေသ ဖော်ဆောင်နိုင်ဖို့ ရည်မှန်းတယ်လို့ ပါတီခေါင်းဆောင် ဦးယောသပ်က ပြောပါတယ်။ အလားတူ အာခါအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီကလည်း မိုင်းခတ်၊ မိုင်းဆတ်၊ မိုင်းဖျတ်၊ မိုင်းတုံ၊ မိုင်းပြင်း၊ ကျိုင်းလပ်၊ မိုင်းယောင်း၊ မိုင်းယန်းစတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း မြို့နယ်တွေကို ကိုယ်စားပြုတဲ့ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာနဲ့ ကျိုင်းတုံ၊ တာချီလိတ်မှာ ပြည်နယ်လွှတ်တော်အမတ် ၂ နေရာ စုစုပေါင်း ကိုယ်စားလှယ် ၃ ဦး ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ ပါတီအထွေထွေအတွင်းရေးမှူး ဦးအားလယ်က မြန်မာပြည်က အာခါလူဦးရေ ၂ သိန်းလောက်ရဲ့ အကျိုးကို ဦးစားပေးဆောင်ရွက်မယ်လို့ ပြောပါတယ်။ သူက “ပါတီရဲ့ ရည်ရွယ်ချက်ကတော့ ကိုယ့်အမျိုးသားရပ်တည်ရေးကို နံပတ် ၁ ဦးစားပေးလုပ်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့လူမျိုးတွေက တောင်ပေါ်မှာနေတာများတယ်၊ ပညာတတ်နည်းတယ်။ အဲဒီတော့ ကျနော်တို့လူမျိုးတွေက ဖွံဖြိုးဖို့လိုတဲ့အတွက် ကျနော်တို့က ပညာပေးတဲ့အပိုင်းကို အရင်သွားမှာဖြစ်တယ်၊ အတွေးအခေါ်မြှင့်တင်ရေးကို အရင်လုပ်ရပါမယ်။” လို့ ပြောပါတယ်။ တာချီလိတ်မြို့ အခြေစိုက် အာခါအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီဟာ ခု ဇူလိုင် ၈ ရက်ကမှ ပါတီမှတ်ပုံတင်ကျလာတာဖြစ်ပြီး ပါတီဥက္ကဋ္ဌ အဖြစ် ဦးထွန်းအောင် ဒုဥက္ကဋ္ဌအဖြစ် ဦးအားဂျိုးတို့ ခေါင်းဆောင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024