ဦးဝင်းတင် အာရှတော်ဝင်ဆေးရုံတွင် ကုသမှုခံယူ
နော်နိုရင်း
·
May 27, 2011
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်ဟာ မေလ ၂၆ ရက်နေ့ ညနေမှာ ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေပါတယ်။
အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ ဦးဝင်းတင်ဟာ အခု မေလဆန်း ၉ ရက်နေ့ ရှမ်းပြည်နယ်က ဆရာ ဒဂုန်တာရာရဲ့ မွေးနေ့ပွဲကအပြန် ဘယ်ဘက်ပေါင်မှာ ရေယုန်လိုအနာမျိုးပေါက်ပြီး ကုသရာ အနာက တဖြည်း ဖြည်းကြီးလာပြီး ဆေးရုံတက်ရတာလို့ အဖွဲ့ချုပ်ရဲ့ ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။
“ဆေးလိမ်းလို့ အရေပြားလောင်တာလိုလို ရေယုံလိုလို ဘယ်ဘက်ပေါင်မှာ ဖြစ်တာ။ အဲဒီဟာကို ဆေးတွေ ကုရင်းကုရင်းနဲ့ အနာက ပိုရင်းလာတယ်။ အနာက နာတော့ ဆေးတွေသောက်ရင်းသောက်ရင်းနဲ့ အားနည်းလာပြီး အခုတော့ အသည်းရော၊ နှလုံးရော ပြန်စစ်ဆေးရမယ်ဆိုပြီးတော့ အာရှတော်ဝင်ဆေးရုံမှာ တင်ထားလိုက်တာပဲ။”
ဆေးရုံတက်နေရတဲ့အတွက် ဦးဝင်းတင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဒီကနေ့ကျင်းပတဲ့ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်ပွဲနေ့အခမ်းအနားကို တက်ရောက်နိုင်ခြင်း မရှိပါဘူး။
ဦးဝင်းတင်ဟာ ဆေးရုံမှာ အနည်းဆုံး ၅ ရက်လောက် ကုသမှုခံယူရဖွယ်ရှိတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။
တပ်မတော်အစိုးရက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဦးဝင်းတင်ကို ၁၉၈၉ ခုနှစ် ဇူလိုင်လမှာ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရပြီး ထောင်တွင်းမှာ ၁၉ နှစ်ကျော် နေခဲ့ရပါတယ်။
ဦးဝင်းတင်ဟာ ချောင်းဆိုး၊ ရင်ကျပ် ရောဂါအခံရှိပြီး ၂၀၀၉ ခုနှစ်ကလည်း နှလုံးနဲ့ပတ်သက်ပြီး အာရှ တော်ဝင်ဆေးခန်းမှာ တက်ရောက် ခွဲစိတ်ကုသဖူးပါတယ်။