မြန်မာ့ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှုန်း များပြားနေဆဲ
DVB
·
July 21, 2015
မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆောင် မိခင်သေဆုံးနှုန်းလျော့ကျအောင် ၀ိုင်းဝန်းကြိုးပမ်းကြဖို့ ကျန်းမာရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတဦးက ဆော်သြပါတယ်။
ဇူလိုင် ၂၀ ရက် ကျန်းမာရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ ဆွေးနွေးပွဲမှာ မိခင်နဲ့ မျိုးဆက်ပွား ကျန်းမာရေးဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီမြင့်က ပြောကြားခဲ့တာဖြစ်ပြီး နိုင်ငံတကာနဲ့ယှဉ်ရင် သေဆုံးနှုန်း များနေတုန်းပဲလို့ နှိုင်းယှဉ်ခဲ့ပါတယ်။
မီးတွင်းသွေးသွန်မှုကြောင့် သေဆုံးတာ အများဆုံးဖြစ်ပြီး ဒုတိယ က ကိုယ်ဝန်ဆိပ်တက်တာနဲ့ တတိယက ကိုယ်ဝန်ပျက်ကျလို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် HIV၊ ငှက်ဖျားရောဂါနဲ့ အသည်းအရောင် အသားဝါရောဂါစတဲ့ ကူးစက်ရောဂါတွေကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေ သေဆုံးမှုနှုန်းကလည်း မြင့်တက်လာ တယ်လို့ သူက သတိပေးပါတယ်။
မြန်မာနိုင်ငံရဲ့ ကိုယ်ဝန်ဆောင် မိခင်သေဆုံးမှုနှုန်းဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ၂၀၁၃ ခုနှစ်ရဲ့စစ်တမ်းအရ ၁ သိန်းမှာ အယောက် ၂၀၀ ရှိပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင် ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုနှုန်း အများဆုံးနိုင်ငံ ဖြစ်ပါတယ်။