A d v e r t i s e m e n t With Us

အသေခံဗုံးခွဲ တိုက်ခိုက်မှုအပြီး တူရကီနယ်စပ် လုံခြုံရေး တိုးမြှင့်

ဆီးရီးယားနယ်စပ်က တူရကီမြို့ငယ်တခုမှာ ဇူလိုင် ၂၀ ရက်နေ့က အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် အကြမ်းဖက်လက်ချက်လို့ ယူဆရတဲ့ အသေခံဗုံးဖောက်ခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့အပြီး တူရကီနိုင်ငံက နယ်စပ်လုံခြုံရေးကို တိုးမြှင့်လိုက်ပါတယ်။ “ဆီးရီးယားနဲ့ နယ်စပ်တလျှောက် လုံခြုံရေးကို ဆက်လက်မြှင့်တင်သွားမယ်၊ ပြည်သူတွေ သတိထားရမှာက ဒေသတွင်းနိုင်ငံတွေက အကြမ်းဖက်မှုတွေ၊ ပြဿနာတွေဟာ တူရကီနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ထိခိုက်လာနိုင်တယ်” လို့ တူရကီဝန်ကြီးချုပ် အာမက် ဒူတိုကလို (Ahmet Davutoglu) က ပြောပါတယ်။ နိုင်ငံအရှေ့တောင်ပိုင်း တူရကီကာ့ဒ်လူမျိုးတွေ အများစုနေထိုင်တဲ့ ဆူရုခ် (Suruc) မြို့ ယဉ်ကျေးမှုစင်တာအနီး အသေခံဗုံးခွဲတိုက်ခိုက်မှုမှာ လူ ၃၀ သေဆုံးခဲ့ပြီး အများစုဟာ တက္ကသိုလ်ကျောင်းသားအရွယ် လူငယ်တွေ ဖြစ်ကြပါတယ်။ တက်ကြွလှုပ်ရှားသူ လူငယ်တွေ ကိုဘာနီမြို့ ပြန်လည်တည်ဆောက်ရေး လှုပ်ရှားမှုအတွက် စုဝေးနေကြချိန်မှာ ဗုံးဖောက်ခွဲခံခဲ့ရတာပါ။ ဒီမြို့ဟာ တလောက အိုင်အက်စ်တွေနဲ့ ဆီးရီးယားကာ့ဒ်တွေ အပြင်းအထန် တိုက်ခိုက်ခဲ့ကြတဲ့ ကိုဘာနီမြို့နဲ့ ၆ မိုင်ပဲ ကွာဝေးတာပါ။ အသေခံဗုံးခွဲသူကလည်း အသက် ၁၈ နှစ်အရွယ် မိန်းကလေးငယ်တဦး ဖြစ်တယ်လို့ တူရကီသတင်းစာတွေမှာ ဖော်ပြပေမယ့် အတည်ပြုချက်တော့ မရယူနိုင်ပါဘူး။ အိုင်အက်စ် အစွန်းရောက်ပြဿနာကို တူရကီက လျစ်လျူရှုထားတယ်၊ လွှတ်ထားတယ်လို့ နိုင်ငံတကာက ၀ိုင်းဝန်းပြစ်တင်တော့မှ အိုင်အက်စ် အကြမ်းဖက်တွေပေါ် တိုးမြှင့်နှိမ်နင်းမှုတွေ၊ နယ်စပ်မှာ တပ်အင်အား အလုံးအရင်းနဲ့ ချတာတွေ လုပ်လာတာပါ။ အဲဒါတွေလုပ်ပြီး ရက်သတ္တပတ်အကြာမှာပဲ အခုလို အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။ တူရကီနယ်စပ် လုံခြုံရေးကို ထိခိုက်လာရင် လုပ်သင့်လုပ်ထိုက်တာ အကုန်လုပ်မယ်လို့ တူရကီနိုင်ငံ ခေါင်းဆောင်တွေက ပြောပေမယ့် ဆီးရီးယားနိုင်ငံထဲ တူရကီတနိုင်ငံတည်းက စစ်ရေးအရ ၀င်ရောက်တာမျိုးတော့ အစီအစဉ်မရှိဘူးလို့ ပြောထားပါတယ်။ အသေခံဗုံးခွဲခဲ့တဲ့ ဆူရုခ်မြို့ဟာ ကိုဘာနီမြို့ တိုက်ပွဲအတွင်း ထွက်ပြေးလာတဲ့ ဒုက္ခသည် အများအပြားကို လက်ခံထားတဲ့မြို့လည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up