A d v e r t i s e m e n t With Us

ဘရာဇီးတောင်ပိုင်း မိုးသည်းထန် ရေကြီး၊ ပြည်သူများ ဘေးလွတ်ရာ ရွှေ့ပြောင်း

ဘရာဇီးနိုင်ငံတောင်ပိုင်း ပေါ်တိုအလေဂရီမြို့မှာ ၁ လစာ ရွာသွန်းလေ့ရှိတဲ့ မိုးရေချိန်ပမာဏဟာ ၁ ရက်တည်းအတွင်း သည်းကြီးမည်းကြီး ရွာသွန်းခဲ့တဲ့အတွက် တချို့နေရာတွေမှာ ခါးလောက်ထိ ရေကြီးနေပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။ မုန်တိုင်းကြောင့် ပြည်သူ အယောက် ၂၇၀၀ ခန့် အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ ရွှေ့ပေးခဲ့ရပြီး လူပေါင်း ၄ သောင်း ၇ ထောင်လောက်ကို သက်ရောက်ခဲ့တယ်လို့ အရပ်ဘက် ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ နိုင်ငံတောင်ပိုင်း အချက်အချာမြို့ဖြစ်တဲ့ ပေါ်တိုအလေဂရီရဲ့ အပြင်ဘက်က ဂရာဗတိုင်းမြို့ကိုတော့ အဆိုးရွားဆုံး ထိခိုက်ခဲ့တာပါ။ ပြည်နယ်နဲ့ မြို့အရာရှိတွေက ပြည်သူတွေကို မြေကော်စက် ဂေါ်ပြားထဲ ထည့်ပြီး ဘေးလွတ်ရာ ရွှေ့ပေးနေရပါတယ်။ အိမ်နီးချင်းတွေကတော့ လှေငယ်တွေကို သုံးပြီး ပြည်သူတွေ ရေဘေးကနေ ထွက်ပြေးနိုင်အောင် ကူညီခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့က မိုးဟာ တချို့နေရာတွေမှာ ၂၄ နာရီအတွင်း ၄ ဒသမ ၄၅ လက်မထိ ရွာခဲ့တာပါ။ ဇူလိုင်တလလုံးရဲ့ ပျမ်းမျှ မိုးရေချိန်က ၅ ဒသမ ၅လက်မ ဖြစ်ပါတယ်။ ပြည်နယ်နဲ့ မြို့တော် အစိုးရတွေကတော့ ရေဘေးသင့် ပြည်သူတွေကို ကျောင်းတွေနဲ့ တခြား အများပြည်သူသုံး အဆောက်အဦတွေမှာ ခိုလှုံခွင့် ပေးထားပြီး ပြည်သူတွေက အဝတ်အစား၊ အိပ်ယာနဲ့ တခြားပစ္စည်းတွေ ထောက်ပံ့ လှူဒါန်းကြဖို့ ဆော်သြထားပါတယ်။ ဒေသတွင်းမှာ အအေးလှိုင်းလည်း ဖြတ်နေလို့ ရာသီဥတုက အေးစိမ့်နေပြီး ဇူလိုင် ၂၁ ရက်မှာ အအေးလှိုင်း နောက်ဆုံးဖြတ်သန်းမယ်လို့ မျှော်လင့်ထားပါတယ်။ မိုးလေဝသ ခန့်မှန်းချက်ကလည်း ဒီနေ့မှာ မိုးပိုရွာနိုင်ပြီး အအေးလှိုင်းဖြတ်အပြီး ဇူလိုင် ၂၂ ရက်နေ့မှာ ရာသီဥတု ခြောက်သွေ့နိုင်မယ်လို့  မျှော်လင့်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up