A d v e r t i s e m e n t With Us

နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာစာချုပ် မြန်မာပါဝင် လက်မှတ်ထိုး

ဓာတ်ပုံ - UN
မြန်မာနိုင်ငံဟာ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ စာချုပ်တခုဖြစ်တဲ့ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR) မှာ ကနဦးအဆင့် ပါဝင်လက်မှတ် ရေးထိုးလိုက်ပါတယ်။ ဇူလိုင် ၁၆ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်တင်က မြန်မာအစိုးရကိုယ်စား လက်မှတ်ရေးထိုးခဲ့တာလို့ နိုင်ငံခြားရေးဌာနကို ကိုးကားပြီး အစိုးရက သတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ စာချုပ်မှာ အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုပါဝင်နိုင်ရေး အတွက်တော့ စာချုပ်ပါ သတ်မှတ်ထားတဲ့ ပြဋ္ဌာန်းချက်တွေကို ပြည်တွင်းမှာ လိုက်နာအကောင်အထည်ဖို့ လိုအပ်ဦးမှာပါ။ ဒီစာချုပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံက ၁၉၆၆ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်မှာ အတည်ပြုပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ၁၉၇၆ ခုနှစ် ဇန်န၀ါရီ ၃ ရက်မှာ စာချုပ် စတင်အသက်ဝင်ပါတယ်။ စာချုပ်အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လူနေမှု အဆင့်အတန်း ပြည့်စုံလုံလောက်မှုရှိအောင် ပြည်သူတွေအတွက် ဆောင်ရွက်ပေးရမှာ ဖြစ်သလို ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမား အခွင့်အရေး အပါအ၀င် စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု အခွင့်အရေးတွေကို အကောင်အထည်ဖော်ပေးရမှာပါ။ လက်ရှိ ဒီစာချုပ်မှာ အတည်ပြု ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံပေါင်း ၁၆၄ နိုင်ငံရှိပြီး စာချုပ်ပါ ပြဋ္ဌာန်းချက်တွေကို အကောင်အထည်ဖော် လိုက်နာဆောင်ရွက်ခြင်း ရှိမရှိကိုတော့ ကုလသမဂ္ဂ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု ကော်မတီက စောင့်ကြည့်အကဲဖြတ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up