A d v e r t i s e m e n t With Us

ဘိုလီးဗီးယား သတ္တုတွင်းလုပ်သားများ ဆက်လက် ဆန္ဒပြ

ဘိုလီးဗီးယား သတ္တုတွင်းလုပ်သားတွေ လာပက်မြို့တော်မှာ ဇူလိုင် ၂၀ ရက်နေ့က ဆက်လက် ဆန္ဒပြနေပါတယ်။ နိုင်ငံတောင်ပိုင်း ပိုတိုစီသတ္တုတွင်းဒေသက ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ ပြီးစီးအောင် အစိုးရက မလုပ်နိုင်လို့ ဆန္ဒပြနေတာ သီတင်းပတ် ၂ ပတ်ကျော် ကြာခဲ့ပါပြီ။ အခြေခံ အဆောက်အဦတွေ တည်ဆောက်ရင်း အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့အတူ ဒေသတွင်း တိုးတက်အောင် လုပ်မယ်ဆိုတဲ့ ကတိကို တည်ဖို့ သမ္မတ အီဗိုမိုရေးကို တောင်းဆိုရင်း အခြေအနေတွေ တင်းမာနေတာ ဖြစ်ပါတယ်။ ရဲတွေက သမ္မတနန်းတော်နဲ့ ဘိုလီးဗီးယား အမျိုးသားကွန်ဂရက် တည်ရှိရာ မြို့တော်ရဲ့ အဓိကရင်ပြင် ပလာဇာ မာရဲလိုဆီ သွားတဲ့လမ်းကို ပိတ်ထားခဲ့လို့ ဆန္ဒပြသူတွေက မြို့တော်တွင်း လမ်းတွေထဲမှာ ဒိုင်းနမိုက်တွေကို ဖောက်ခွဲခဲ့ကြပါတယ်။ အစိုးရရဲ့ စီမံကိန်း ၂၆ ချက်ထဲက အစိတ်အပိုင်းအဖြစ် ဒေသတွင်း ဆေးရုံတွေ၊ လမ်းတွေနဲ့ နိုင်ငံတကာ လေဆိပ်တွေ တည်ဆောက်ဖို့ ဆော်သြခဲ့ကြပါတယ်။ ပိုတိုစီ အရပ်သားကော်မတီကလည်း အစိုးရဟာ ဒေသတွင်းအရေးတွေကို အတူထိုင် ဆွေးနွေးဖို့ ငြင်းဆန်ခဲ့တယ်လို့ ပြောရင်း အာဏာပိုင်တွေက သတ္တုတွင်းလုပ်သားတွေအပေါ် ခွဲခြားဖိနှိပ်ပြီး အကြမ်းဖက်တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။ ပိုတိုစီ သတ္တုတွင်းဒေသဟာ ဖွံ့ဖြိုးတိုးတက်မှု ကင်းမဲ့ပြီး နိုင်ငံတွင်း တခြားနေရာတွေထက် နောက်ကျ ကျန်ရစ်ခဲ့တာပါ။ ဒါ့အပြင် ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှုတွေကို ခံစားနေရပါတယ်။ ဘိုလီးဗီးယား နိုင်ငံတွင်း စီးပွားရေး တိုးတက်နှုန်းက ၅ ရာခိုင်နှုန်း ရှိနေပါတယ်။ ကမ္ဘာ့သတ္တုဈေးနှုန်း ကျဆင်းမှုကြောင့် ဘိုလီးဗီးယား သတ္တုတွင်း ကော်ပိုရေးရှင်း ၂၀ ရာခိုင်နှုန်းဟာ အရှုံးနဲ့ လည်ပတ်နေရလို့ စက်မှုလုပ်ငန်းဆိုင်ရာ စီမံကိန်း ဥပဒေတွေ ထုတ်ပြန်ဖို့ ပျက်ကွက်တဲ့အပေါ် အစိုးရကို ဒေါသထွက်မှုတွေ တိုးလာနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up