ရေကြီးမှုကြောင့် စစ်ကိုင်းတိုင်း စိုက်ပျိုးမြေဧကပေါင်း ၄ သောင်းကျော် ပျက်စီး

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးကြီးရေလျှံမှုတွေကြောင့် စစ်ကိုင်းတိုင်းအတွင်း နွေစပါးနဲ့ မိုးစပါးတွေအပါအ၀င် စိုက်ပျိုးလယ်မြေ ဧကပေါင်း ၄၂၂၈၉ ဧက ထိခိုက်ပျက်စီးသွားတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်ကနေ ၁၈ ရက်နေ့အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စစ်ကိုင်းတိုင်း အတွင်းက ရွှေဘို၊ ကသာ၊ ဘုတလင်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ဒီပဲယင်း၊ တန့်ဆည်၊ ရေဦး၊ ကောလင်းနဲ့ ၀န်းသိုစတဲ့မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ အဆိုးရွားဆုံးခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့ပြင် ဆည်တွေနဲ့ ရေလှောင်တမံတွေကနေ ရေတွေကို ထုတ်လွှတ်ခဲ့ရတာကြောင့်လည်း လယ်ယာမြေတွေ ရေနစ်မြုပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။
မုံရွာမြို့နယ်မှာတော့ မိုးသည်းထန်စွာ ရွာသွန်းပြီး ဘုတလင်မြို့နယ်က စီးဆင်းလာတဲ့ စတဲချောင်းရေလျှံတာကြောင့် အိမ်တွေ ရေမြုပ်ကာ လမ်းမကြီးတွေပေါ်မှာ ရေလျှံနေပါတယ်။
ချောင်းရေဟာ မြို့မြောက်ပိုင်းမှာ ဇူလိုင် ၁၈ ရက်နေ့က စတင်ပြီး ဆက်တိုက်မြင့်တက်လာကာ ဇူလိုင် ၂၀ ရက်နေ့မှာတော့ ကျောက်လမ်းမကြီးပေါ် ရေကျော်နေတယ်လို့ ဒေသခံ သတင်းထောက်က ပြောပါတယ်။
ချောင်းရေတွေ စီးဝင်လာတာကြောင့် မုံရွာနဲ့ ခင်ဦးမြို့ကိုသွားတဲ့ လမ်းမကြီး တချို့နေရာတွေမှာ ရေကျော်ပြီး အိမ်တွေလည်း ရေနစ်မြုပ်နေပါတယ်။
မုံရွာမြို့နယ်တွင်းက အလုံ၊ စစ်ပင်၊ လည်းတန်း၊ အိုးဖိုထောင်ရွာတွေနဲ့ ရပ်ကွက်တွေမှာ လယ်မြေတွေလည်း ရေနစ်မြုပ်နေပါတယ်။
ကော်လပြကျေးရွာနဲ့ ရှဥ့်ငါးဆယ်ကျေးရွာမှာတော့ အိမ်ခြေ ၇၂ အိမ်နဲ့ လူဦးရေ အယောက် ၃၅၀၊ အလုံနဲ့ လည်းတန်းမှာတော့ အိမ်ခြေ ၃၀နဲ့ လူဦးရေအယောက် ၁၃၆ ဟာ ရေဘေးဒုက္ခရောက်နေပါတယ်။
ရေကြီးမှုကြောင့် မုံရွာမြို့က ငါးကန်တွေနဲ့ လမ်းမကြီးဘေးက ဈေးဆိုင်တွေကိုလည်း ခေတ္တ ပိတ်ထားရပါတယ်။
စစ်ကိုင်းတိုင်းဒေသအတွင်း ကန့်ဘလူနဲ့ ဘုတလင်မြို့နယ်တွေမှာလည်း မိုးသည်းထန်စွာ ရွာသွန်းပြီး အိမ်ခြေတွေနဲ့ လယ်မြေတွေ ရေနစ်မြုပ်တာတွေ ဖြစ်နေပြီး လူသေဆုံးမှုတွေလည်း ရှိနေပါတယ်။ မုံရွာမြို့မှာတော့ လူအသေအပျောက်မရှိဘူးလို့ ဆိုပါတယ်။