အီရန် နျူကလီးယား သဘောတူညီမှု အိမ်နီးချင်းနိုင်ငံများ အကျိုးရှိနိုင်

ဓာတ်ပုံ - farsnews
အီရန်နိုင်ငံနဲ့ အင်အားကြီးနိုင်ငံတို့ နျူကလီးယား သဘောတူညီမှု ရရှိခဲ့တာဟာ အီရန်ရဲ့ အိမ်နီးချင်း နိုင်ငံတွေအတွက်လည်း အကျိုးရှိစေမယ်လို့ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီးက ဇူလိုင် ၂၀ ရက်နေ့က  ပြောပါတယ်။ အီရန်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို စတင်ဖယ်ရှားမှာ ဖြစ်တဲ့အတွက် အီရန်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာရင် ဒေသတွင်းနိုင်ငံတွေ အနေနဲ့ လုံခြုံရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာ တပါတည်း ဖွံ့ဖြိုးတိုးတက်လာနိုင်တယ်လို့ သံအမတ်ကြီး မိုဟာမက် ရီဇာ ဘာဟရာမီ (Mohammad Reza Bahrami) က ပြောဆိုခဲ့တာပါ။ “ဒီ နျူကလီးယား သဘောတူညီချက်က အီရန်နဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ လုံခြုံရေးတွေ အားလုံး တိုးတက်လာမှာပါ။ အာဖဂန်နစ္စတန်နဲ့ ဒေသတွင်းနိုင်ငံတွေ ရင်ဆိုင်နေရတဲ့၊ ခြိမ်းခြောက်ခံနေရတဲ့ အကြမ်းဖက်မှုတွေကို ဖြေရှင်းပြီးသွားရင် အီရန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံရဲ့ ဆက်ဆံရေး အပါအ၀င် ဒေသတွင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးပါ တိုးတက်လာမှာပါ။” လာမယ့်နှစ်ကုန်မှာ အီရန်နဲ့ တူရကီ နှစ်နိုင်ငံ ကုန်သွယ်မှုဟာ အမေရိကန် ဒေါ်လာ ၃၅ ဘီလီယံ ရှိလာမယ်လို့ ခန့်မှန်းထားကြပါတယ်။ တူရကီဟာ အီရန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို တိုးမြှင့်ဝယ်ယူဖို့ စိတ်ဝင်စားနေပြီး အဲဒါကလည်း ကမ္ဘာ့ရေနံ ဈေးနှုန်းတွေ ကျဆင်းလာနိုင်စရာ ရှိပါတယ်။ အီရန်ကို စီးပွားရေးပိတ်ဆို့လို့ ရပ်တန့်ထားခဲ့ရတဲ့ အီရန်-ပါကစ္စတန် ရေနံပိုက်လိုင်းကို အခုတော့ ပါကစ္စတန်နိုင်ငံက အပြီးသတ်နိုင်တော့မှာပါ။ အိန္ဒိယနိုင်ငံဟာ ပါကစ္စတန်က ခွင့်မပြုလို့ အာဖဂန်နစ္စတန်နဲ့ မဆက်သွယ်နိုင်၊ သဘာဝ အရင်းအမြစ်တွေကို မရရှိနိုင်ခဲ့တာကနေ အခုတော့ အီရန်နိုင်ငံကိုဖြတ်ပြီး အာဖဂန်ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို ရယူနိုင်တော့မှာလည်း ဖြစ်ပါတယ်။ အာဖဂန် ပါလီမန်အမတ်တဦးကလည်း အာဖဂန်နစ္စတန်နိုင်ငံဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံတွေ ပတ်လည်ဝိုင်းနေတဲ့အတွက် စိုးရိမ်စရာ ဖြစ်နေတာပါ။ ရှေ့လျှောက် အီရန်နဲ့ အနောက်အုပ်စု ဆက်ဆံရေးလည်း တိုးတက်လာဖို့ ရှိတဲ့အတွက် အာဖဂန် ပြည်တွင်းရေးမှာ အီရန်ရဲ့ ၀င်ရောက်စွတ်ဖက်မှုကလည်း လျော့နည်းလာနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အီရန်ရဲ့ပြိုင်ဘက် ဆော်ဒီအာရေဗျကတော့ ဆီးရီးယားနဲ့ ယီမင်နိုင်ငံ ပြည်တွင်းရေးတွေမှာ ပိုမိုပါဝင်လာမယ်လို့ ပြောဆိုနေပြီး အီရန်ကလည်း အဲဒီနိုင်ငံတွေရဲ့ ဆန့်ကျင်ဘက်တွေကို တိုးပြီး ထောက်ပံ့ကူညီသွားမယ်လို့ ပြောဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up