အမျိုးသမီးများအတွက် တခါသုံး ဆီးသွား ကတော့ခွက် (ရုပ်သံ)

လမ်းသွားရင်း မဖြစ်မနေ ဆီးသွားချင်တဲ့အခါ ယောက်ျားသားတွေအတွက် တပွဲတိုး နည်းလမ်းနဲ့ ဖြေရှင်းလို့ ရပေမယ့် မိန်းမသားတွေအတွက်ကတော့ မလွယ်ကူပါဘူး။
အိန္ဒိယနိုင်ငံမှာဆိုရင် အိမ်သာတွေက မြင်မကောင်းအောင် ညစ်ပတ်တဲ့အတွက်လည်း အခြေအနေက ပိုဆိုးပါတယ်။
အိန္ဒိယကျောင်းသူ ပရီယန်ကာ ရာဝပ်က အိမ်သာတွေ ညစ်ပတ်လွန်းပြီး ကျန်းမာရေးနဲ့ မညီညွတ်တာကြောင့် အပေါ့အပါးသွားတဲ့ကိစ္စကို အိမ်မှာပဲ အပြီးရှင်းတယ်လို့ ပြောပြပါတယ်။
အခုတော့ အိန္ဒိယ စွန့်ဦးတီထွင်သူ ဒီဘာဂျပ်က မိန်းကလေးတွေရဲ့ အခက်အခဲကို ဖြေရှင်းဖို့ Pee Buddy လို့ ခေါ်တဲ့ ရေစိုခံ တခါသုံး ဆီးကတော့ခွက်ကို တီထွင်ပေးထားပါတယ်။
အမျိုးသမီးတွေနဲ့အတူ ခရီးသွားရင်းနဲ့ သူတို့ အခက်အခဲကို ကိုယ်ချင်းစာမိပြီး အကြံရလာတာလို့ ပြောပြပါတယ်။
ဒီပစ္စည်းဟာ တခါသုံးပြီးရင် စွန့်ပစ်ရမယ့် ပစ္စည်းမျိုး ဖြစ်ပါတယ်။
ဒီလို ပစ္စည်းမျိုးကို အနောက်နိုင်ငံတွေမှာလည်း အသုံးပြုတာ ရှိပေမယ့် မြို့တော် ဒေလီမှာ မိန်းကလေးအိမ်သာတွေက အမျိုးသား အိမ်သာတွေရဲ့ ၁၀ ပုံ ၁ ပုံပဲရှိတာ၊ သန့်ရှင်းမှု မရှိတဲ့ အခြေအနေမျိုးမှာ Pee Buddy က အလုပ်ဖြစ်မယ့် သဘောရှိပါတယ်။
မသန့်ရှင်းတဲ့ အိမ်သာတွေဟာ ဘက်တီးရီးယားတွေ ပေါက်ဖွားရာ နေရာလည်း ဖြစ်ပါတယ်။
ကမ္ဘာတ၀န်းလုံးမှာ ရေမသန့်တာနဲ့ အိမ်သာ မသန့်ရှင်းမှုက တဆင့် ကူးစက်တဲ့ ရောဂါတွေကြောင့် အမျိုးသမီးတွေ သေဆုံးမှုဟာ ပဉ္စမမြောက် အဆိုးဆုံး ကျန်းမာရေး ပြဿ နာဖြစ်နေတယ်လို့ WaterAid အဖွဲ့ကလည်း ဆိုထားပါတယ်။
Pee Buddy တခါသုံး ကတော့ခွက်တခုအတွက် အိန္ဒိယ ရူပီးငွေ ၂၀၊ အမေရိကန် ဒေါ်လာ ဆင့် ၃၀ လောက် ကုန်ကျပါတယ်။
ကျေးလက်ဒေသတွေမှာ ဒါကို အသုံးပြုနိုင်ဖို့ဆိုရင် အစိုးရက ကုန်ကျစရိတ် ကျခံသင့်တယ်လို့ တီထွင်သူ ဘာဂျပ်က ပြောပါတယ်။