ပြည်သူနှင့် နိုင်ငံတကာကို မျက်လှည့်မပြရန် အစိုးရအဖွဲ့သစ်ကို သတိပေး
DVB
·
May 27, 2011
သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်အဖွဲ့ဟာ သက်တမ်းနှစ်လကြာအတွင်း ပြုပြင်ပြောင်းလဲရေးအတွက်လို့ဆိုပြီး တတ်သိပညာရှင်တွေ ပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေကို ပြုလုပ်တာ၊ လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ ဝန်ကြီးဌာနတွေအလိုက် ကော်မတီတွေကို ဖွဲ့စည်းလုပ်ဆောင်နေတာတွေဟာ ပြည်သူတွေနဲ့ နိုင်ငံတကာကို မျက်လှည့်ပြတာမျိုး မလုတ်ဖို့လိုတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဦးတင်ဦးက ပြောကြားလိုက်ပါတယ်။
အစိုးရသက်တမ်းကာလ ၂ လအတွင်း အရင် စစ်အစိုးရလိုပဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အဓမ္မလယ်ယာမြေသိမ်းစည်းမှုတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေဆဲ ရှိနေဆဲ ဖြစ်နေတဲ့ အခြေအနေတွေအပေါ်ကို သုံးသပ်ပြီး အဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဦးတင်ဦးက သတိပေး ပြောကြာလိုက်တာပါ။
အစိုးရအဖွဲ့အနေနဲ့ တတ်သိပညာရှင်တွေကို ဖိတ်ခေါ် ဆွေးနွေးပွဲတွေ ပြုလုပ်ပြီး အကြံဥာဏ်ရယူတာတွေ ရှိပေမယ့် လက်တွေ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေမှာတော့ အကျိုးသက်ရောက်မှုမရှိသေးတဲ့အပေါ် ထောက်ရှုပြောကြားလိုက်တာ ဖြစ်ပါတယ်။
“ပြောတဲ့အလုပ်တွေကတော့ လုပ်ငန်းချတဲ့အတိုင်း လုပ်တာမျိုးက လုပ်ရင်း တိုးတက်ကောင်းမွန်လာတယ် ဆိုရင်တော့ သူတို့တကယ်လုပ်တယ်လို့ တွက်ရမှာပေါ့။ တကယ်လုပ်တာ မဟုတ်ဘဲနဲ့ မျက်လှည့်ပြတဲ့သဘောမျိုးနဲ့ စလုပ်ပြတာပဲ၊ သက်တောင့်သက်သာ ဖြစ်အောင်ပဲ သူတို့စပြီးတော့ နိုင်ငံတကာက သူတို့အပေါ်မှာ ထင်သာမြင်သာနဲ့ ပတ်သက်လို့ ကောင်းအောင်လုပ်တာမျိုး ဆိုရင်တော့ အလကားပေါ့။ အခုအခြေအနေ ကြည့်ရတာတော့ ဥပမာ ဥပဒေစိုးမိုးရေးလို့ ပြောတယ်။ ဥပဒေ စိုးမိုးရေးဆိုရင် တရားဥပဒေဟာ လွတ်လပ်ရမယ်ပေါ့။ တရားစီရင်တဲ့နေရာမှာလည်း လွတ်လပ်ရမယ်။ ထင်သာမြင်သာတဲ့ တရားစီရင်မှုမျိုး ဖြစ်ရမယ်။ စသည်ဖြင့်ပေါ့ အဲဒါတွေ ပြောထားတယ်။ သို့သော်လည်းပဲ ခုထက်ထိတော့ သိသိသာသာ တိုးတက်လာတဲ့ ထင်ရှားတဲ့ တိုးတက်မှုတွေတော့ မတွေ့သေးဘူး။ စောင့်ကြည့်ရဦးမှာပဲလေ။”
ဒါ့အပြင် သမ္မတသစ် ဦးသိန်းစိန်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော်ရဲ့ အကြီးအကဲအဖြစ် အမှန်တကယ်ပဲ လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရှိမရှိဆိုတဲ့ အပေါ်ကိုလည်း သံသယရှိနေဆဲပဲလို့လည်း ဦးတင်ဦးက ဆိုပါတယ်။
“ဦးသိန်းစိန်ဟာ သူ့ကိုလွတ်လွတ်ကျွတ်ကျွတ်ပဲ လုပ်ခွင့်ပေးလိုက်ပြီလား။ ဒါမှမဟုတ် သူတို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရနဲ့ပဲ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကနေပြီးတော့ သတ်မှတ်ထားတဲ့ အောက်ကပဲလုပ်ရမယ် ဆိုသလား၊ အဲဒီအပေါ်မှာ လွတ်လွတ်ကျွတ်ကျွတ် သူ ဘယ်လိုလုပ်နိုင်မလဲ။ အဲတော့ ဦးသိန်းစိန်က သမ္မတတယောက် အနေနဲ့ သူလွတ်လွတ်လပ်လပ် လုပ်နိုင်လို့ လုပ်ခွင့်ရှိလို့ အကြံပေးပုဂ္ဂိုလ်တွေ ပေးလို့ လုပ်တယ်ဆိုရင်လည်း အကြံပေးတဲ့ ပုဂ္ဂိုလ်တွေကတော့ တိုင်းပြည်ကောင်းအောင်ပဲ သူတို့ ကြိုးစားအကြံပေးမှာပဲ။ နိုင်ငံရေးနဲ့ ပတ်သက်လို့ဖြစ်စေ၊ စီးပွားရေးနဲ့ ပတ်သက်လို့ဖြစ်စေ။ ဥပဒေနဲ့ပတ်သက်လို့ ဖြစ်စေပေါ့။ အကြံပေးတယ်ဆိုတာတော့ မကောင်းတဲ့ အကြံတော့ သူတို့ ဘယ်ပေးမလဲ။ အကြံပေးလို့ တင်ပြတာကို ဟိုပုဂ္ဂိုလ်တွေက နားထောင်ပြီးတော့ ဆောင်ရွက်ရင်တော့ ကျနော်တို့ အားလုံးက လမ်းစပေါ်နိုင်စရာ ရှိတယ်လို့ မှတ်ယူရမှာပေါ့။ ဒီလိုပဲ သူတို့ပြောတာပြောတာပဲ ငါတို့လုပ်ချင်မှ လုပ်တယ်ကွာဆိုရင်တော့လည်း မပြောတတ်ဘူးလေ။ ဖြစ်လေ့ဖြစ်ထ ရှိတာကိုဗျ။”
လက်ရှိအခြေအနေမှာ အစိုးရဝန်ကြီး ဌာနတွေအားလုံးက အကြံပေး အဖွဲ့ဝင်တွေ၊ တတ်သိပညာရှင်တွေရဲ့ အကြံပြုချက်တွေကို အကောင်အထည် ဖော်ဖို့အတွက် ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ၄၀ ကျော်ကို ဖွဲ့စည်းထားပါတယ်။