A d v e r t i s e m e n t With Us

အမေရိကန် ကာကွယ်ရေးဝန်ကြီး အရှေ့အလယ်ပိုင်းခရီး စတင်

ဓာတ်ပုံ - ရိုက်တာ
အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်တန် ကာတာ (Ashton Carter) ဟာ ပြီးခဲ့တဲ့တပတ်က အီရန်နဲ့ နျူကလီးယား သဘောတူညီမှုအတွက် စိုးရိမ်နေကြတဲ့ အရှေ့အလယ်ပိုင်း မဟာမိတ်နိုင်ငံတွေကို နှစ်သိမ့်အားပေးဖို့ ဇူလိုင် ၁၉ ရက်နေ့က အရှေ့အလယ်ပိုင်း ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ အီရန်နဲ့အင်အားကြီး ၆ နိုင်ငံတို့ ရရှိခဲ့တဲ့ နျူကလီးယား သဘောတူညီချက်ကို အပြင်းထန်ဆုံး ဝေဖန်တဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့ အစ္စရေးနိုင်ငံကို ဇူလိုင် ၁၉ ရက်ညက အရင်ဆုံး ၀င်ရောက်ပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ဒီ နျူကလီးယား သဘောတူညီမှုဟာ သမိုင်းတင် အမှားကြီးဖြစ်ပြီး အီရန်ကို အရှေ့အလယ်ပိုင်းမှာ ပိုပြီး မွှေနှောက်ခွင့်ပေးလိုက်တာလို့ ပြစ်တင် ပြောဆိုပါတယ်။ ဒီသဘောတူညီမှုအပြီး အီရန် ဘာသာရေး ခေါင်းဆောင်ကြီး အရာတိုလာ အာလီ ခါမေနီက ပါလက်စတိုင်းကို ဆက်လက် ထောက်ခံအားပေးမယ်၊ ယီမင်၊ ဆီးရီးယား၊ အီရတ်၊ ဘာရိန်းနဲ့ လက်ဘနွန်နိုင်ငံတွေကိုလည်း ဆက်လက်ထောက်ခံမယ်လို့ ပြောဆိုမှုကိုကြည့်ရင် ဒီအနေအထားဟာ ပိုပြီးတောင် မှန်ကန်လာတယ်လို့ နေတန်ယာဟုက ပြောခဲ့တာပါ။ အစ္စရေး ကာကွယ်ရေးဝန်ကြီးကလည်း အရှေ့အလယ်ပိုင်း ချိန်ခွင်လျှာကို ပြန်ညှိဖို့ အမေရိကန်ဆီကနေ စစ်ရေးအကူအညီတွေ တိုးတောင်းမှာ ဖြစ်တယ်လို့ အရိပ်အမြွက် ပြောပါတယ်။ အစ္စရေးနိုင်ငံကနေ အီရန်နဲ့ ဒေသတွင်း မဟာပြိုင်ဘက်ဖြစ်တဲ့ ဆော်ဒီအာရေဗျကို သွားရောက်မှာ ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျကတော့ အီရန်နဲ့ နျူကလီးယား သဘောတူညီချက်ကို ထောက်ခံ ကြိုဆိုခဲ့ပေမယ့် အစ္စရေးနိုင်ငံလိုပဲ အီရန်အပေါ်မှာ စိုးရိမ်မှုတွေ ရှိပါတယ်။ ၀န်ကြီး ကာတာဟာ ဆောဒီအာရေဗျနိုင်ငံကနေ နောက်ထပ် မဟာမိတ်နိုင်ငံဖြစ်တဲ့ ဂျော်ဒန်ကို သွားရောက်မှာဖြစ်ပြီး အိုင်အက်စ် အကြမ်းဖက်စစ်ဆင်ရေး မဟာဗျူဟာတွေ ဆွေးနွေးမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up