A d v e r t i s e m e n t With Us

အိန္ဒိယတွင် ရိုးရာပွဲတော် ကျင်းပစဉ် ရုတ်ရုတ်သဲသဲဖြစ်၊ ၂ ဦးသေဆုံး (ရုပ်သံ)

အိန္ဒိယအရှေ့ပိုင်းက ပူရီမြို့မှာ ဇူလိုင် ၁၈ ရက်နေ့က ရိုးရာပွဲတော်ကို ကျင်းပနေချိန်အတွင်း ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တဲ့အတွက် ၂ ဦး သေဆုံးပြီး အယောက် ၂၀ ကျော် ဒဏ်ရာရသွားပါတယ်။ ရိုးရာ စစ်ရထားပွဲတော်ကို လူ ၁ သိန်းကျော် စုဝေး ရောက်ရှိခဲ့ကြတဲ့အတွက် လုံခြုံရေးအဖွဲ့တွေကလည်း လူအုပ်ကြီးကို မထိန်းနိုင်ဘဲ အခုလို ဖြစ်ရတာပါ။ ဒဏ်ရာရသူတွေကို ဆေးရုံပို့ခဲ့ရပြီး စိုးရိမ်ရသူတွေကိုတော့ ကီလိုမီတာ ၈၀ အဝေးက ကက်တခ် ဆေးရုံကြီးအထိ ပို့ထားတယ်လို့ တာဝန်ရှိသူတွေ ပြောပါတယ်။ ဟိန္ဒူ ရိုးရာ နတ်ဘုရားကို ပူဇော်ပသတဲ့ပွဲတော်ကို ပူရီမြို့မှာ နှစ်စဉ် ကျင်းပလေ့ရှိပြီး လူ ၂ သန်း နီးပါးလောက် ပူရီမြို့မှာ ရောက်နေပါတယ်။ ဒီပွဲတော်ရဲ့ သက်တမ်းက အနှစ် ၁၀၀၀ ကျော်ခဲ့ပြီး ဘုရားဖူးလာသူတွေဟာ ၄၅ ပေလောက် မြင့်တဲ့ စစ်ရထားကြီး ၃ စင်းကို ၀ိုင်းဆွဲကြတဲ့ အစဉ်အလာ ဖြစ်ပါတယ်။ ဟိန္ဒူ ရိုးရာ ဂျာဂန်နတ်ဘုရားဟာ လူတွေကို ဆာလောင်မှုကင်းအောင် စားနပ်ရိက္ခာကို ပေးတယ်၊ ဘုရားပွဲတော် လာသူတွေဟာလည်း မကောင်းမှုတွေကို ဆေးကြောပြီးသား ဖြစ်တယ်လို့ ဟိန္ဒူတွေက လက်ခံ ယုံကြည်ထားကြပါတယ်။ ရုပ်တုကို ဖူးခွင့်ရရင် ဆင်းရဲဒုက္ခအပေါင်းနဲ့ သေခြင်းဘေးကနေ ကင်းဝေးတယ်လို့လည်း ဘုရားဖူးလာသူတွေက ပြောကြပါတယ်။ အိန္ဒိယနိုင်ငံမှာ ဘုရားပွဲတော် ကျင်းပတဲ့အခါတိုင်း လူတွေ ပိ သေဆုံးတာ ထုံးစံလို ဖြစ်နေပြီး ဒီတပတ် အစောပိုင်းကပဲ အင်ဒရာပရာဒေ့ရှ်ပြည်နယ် ဂိုဒါဗာရီမြစ်ရေ ချိုးတဲ့ပွဲတော်မှာ လူပိပြီး ၂၇ ယောက် သေဆုံးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ကလည်း နိုင်ငံမြောက်ပိုင်းက ရိုးရာပွဲတော်တခု ကျင်းပချိန် ရထားဘူတာ တခုမှာ လူပိပြီး ဘုရားဖူး ၃၆ ယောက် သေဆုံးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up