စစ်ခွေးတိုက်မှ နိုင်ငံရေးအကျဉ်းသမားများကို အဆောင်ပြန်ပို့
နော်နိုရင်း
·
May 27, 2011
အင်းစိန်အကျဉ်းထောင်အတွင်း အကျဉ်းသားအခွင့်အရေး တောင်းဆိုပြီး အစာငတ်ခံဆန္ဒပြလို့ စစ်ခွေးတိုက် အပို့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သူတို့အဆောင် ပြန်ပို့လိုက်ပါတယ်။
အစာငတ်ခံဆန္ဒပြလို့ တိုက်ပိတ်ခံရတဲ့သူရဲ့ မိသားစုဝင်တချို့ ဒီနေ့ နေ့ခင်းပိုင်း ထောင်ဝင်စာသွားတွေ့ရာမှာ ထောင်ဝင်စာတွေ့ခွင့်ရပြီး သူတို့ကို အဆောင် ပြန်ပို့ကြောင်း သိရတာလို့ နိုင်ငံသားမိသားစုများ အကျိုးဆောင်ကွန်ရက် ပြောခွင့်ရသူတဦးက ပြောပါတယ်။
အစာငတ်ခံဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပိုင်က တွေ့ဆုံပြီး လိုက်လျောမှုတချို့ ပေးခဲ့တယ်လို့ သူက အခုလို ရှင်းပြပါတယ်။
“ထောင်ထဲဥပဒေဘောင်ထဲက ရသင့်တယ်ဆိုတဲ့ အချက် ၆ ချက်ကို တောင်းဆိုတဲ့ ၂၁ ရက်နေ့ တိုက်ပွဲမှာ ပါဝင်တဲ့ လူတွေရဲ့ အခြေအနေကိုလည်း ကျနော်တို့ သိရပါတယ်။ မနေ့က နေ့ခင်းပိုင်းလောက်မှာ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းနဲ့ ထောင်ပိုင် ဦးသက်ရှည်က ထောင်ထဲကို ဝင်ရောက်လာပြီး ထမင်းဝိုင်းမှာ ခုံတွေချပြီးတော့ အစာငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀ ယောက်လောက်နဲ့ တွေ့ဆုံဆွေးနွေးလိုက်တယ်လို့ သတင်းကြားရတယ်။ အခုမနက်မှာ ထောင်ဝင်စာသွားတွေ့လို့ ကြားရတဲ့သတင်းက အဆောင်ကို အကုန်လုံးပြန်ရောက်လာတယ်။ ပြဿနာတွေ အားလုံး အဆင်ပြေသွားတယ်လို့ ကြားသိရတယ်။”
အခုလ ၂၁ ရက်နေ့ စတင်ဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေနေကိုသာ သိရပြီး အခုလ ၁၇ ရက်နေ့တုန်းက သမ္မတ ဦးသိန်းစိန်ရဲ့
လွတ်ငြိမ်းချမ်းသာခွင့်အပေါ် မကျေနပ်လို့ အစာငတ်ခံနေတဲ့ နိုင်ငံရေးအကျဉ်းသူတွေရဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။
ထောင်အာဏာပိုင်တွေအနေနဲ့ အရင်တုန်းက အကျဉ်းသားတွေရဲ့ တောင်းဆိုချက်တွေ လိုက်လျော့ပြီး မေ့ပျောက်တဲ့အချိန်ရရင် ပြန်ပြီးအပြစ်ယူလေ့ ရှိတဲ့အတွက် အဲဒီနိုင်ငံရေးအကျဉ်းသားတွေအတွက် စိုးရိမ်းပူပန်နေရတယ်လို့လည်း ဆိုပါတယ်။
“တောင်းဆိုချက်တွေကို အဓိကကျတဲ့ အချက်တွေကို လိုက်လျောလေ့ မရှိဘဲနဲ့ အသေးအဖွဲတွေကိုပဲ လိုက်လျောတယ်။ မေ့လောက်တော့တဲ့အခါကျမှ ထောင်ပြောင်းတွေ ထည့်ပစ်တယ်ဆိုတာမျိုးတွေ ဖြစ်ပါတယ်။ ဒါအရင်လက်ထက်က လုပ်ခဲ့တဲ့ အစဉ်အလာတွေပါ။ အဲဒီအတွက် ကျနော်တို့မှာ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ အခုဟာကလည်း တွေ့ခွင့်ရခဲ့တယ်ဆိုတာက တမိသားစုပဲ တွေ့ခွင့်ရခဲ့တာပါ။ ကျန်တဲ့ဟာက ပါဆယ်ပဲ ရှိသေးတယ်။ ကျန်တဲ့မိသားစုတွေက မနက်ဖြန်၊ သဘက်ခါတွေမှ သွားတွေ့ရမှာ ဖြစ်တဲ့အတွက် အားလုံးရဲ့ အသေးစိတ် အစီအစဉ်တွေကို စောင့်ကြည့်ရဦးမှာပါ။”
မေလ ၂၁ ရက်နေ့က နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ အစားအစာ နေရာထိုင်ခင်း ကျန်းမာရေးစောင့်ရှောက်မှုတွေ ကောင်းမွန်မှုမရှိတဲ့အတွက် အကျဉ်းသားအခွင့်အရေးရရှိဖို့ အင်းစိန်ထောင်တွင်း ထောင်အာဏာပိုင်တွေထံ တရားဝင်စာပို့ တောင်းဆိုခဲ့တာပါ။
နိုင်ငံရေးအကျဉ်းသား ၂၂ ဦးက ပထမအဆင့် အခန်းထဲက အပြင်မထွက် ဆန္ဒပြခဲ့ပြီး အဲဒီတောင်းဆိုချက်တွေ မရရှိတဲ့အတွက် နောက်တဆင့်အဖြစ် ၁၇ ဦးက အစာငတ်ခံ ဆန္ဒပြခဲ့ကြတာပါ။ အဲဒီထဲက နိုင်ငံရေးအကျဉ်းသား ၁၄ ဦးကို အင်းစိန် အကျဉ်းထောင်တွင်း အပြင်းထန်ဆုံး ညှဉ်းပန်းနှိပ်စက်ရာဖြစ်တဲ့ စစ်ခွေးတိုက်ကို ပို့ဆောင်ခဲ့ပါတယ်။
ကလေးမြို့အကျဉ်းထောင်မှာလည်း နိုင်ငံရေးအကျဉ်းသားရော ရိုးရိုးအကျဉ်းသား ၈ ဦးဟာ ထောင်ဝင်စာတွေ့တဲ့ မိသားစုနဲ့ လွတ်လပ်စွာ စကားပြောဆိုခွင့်၊ အဝေးနေ မိသားစိုကို ၁၀ ရက်တကြိမ် ၁၀ မိနစ် ဖုန်းဆက်သွယ်၊ ရေဒီယို ရုပ်မြင်သံကြား လွတ်လပ်စွာ ကြည့်ရှုနားထောင်ခွင့်နဲ့ အကျဉ်းထောင် အက်ဥပဒေပါ အခွင့်အရေးများ၊ နောက်ဆက်တွဲ ညွှန်ကြားချက်များပါ အခွင့်အရေးများအတိုင်း တသဝေမတိမ်း ရရှိခံစားခွင့် စတဲ့အချက်လေးချက်ကို တောင်းဆိုခဲ့ကြပါတယ်။